CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 6 August 2009

" အသိုက်ဟောင်း "


မျက်နှာလွဲ ၊ နေရာလွဲ ၊ ရာသီလွဲ ၊ ဘာသာလွဲ
နေထိုင်စားသောက်မှုအလွဲ ၊ ယဉ်ကျေးမှု အလွဲတွေ
ဖိစီးသမျှ ခါးစီးခံရတော့တဲ့ အခါ
'အိမ်ပြန်ချင်တယ်' သီချင်းကိုပဲ ဆိုနေမိတော့ကာ ... ။

အကယ်၍များ ...

ဘုရားသွား ကျောင်းတက် ဗုဒ္ဓရှင်ကိုယ်တော်မြတ်ရဲ့ 
အဆုံးအမ မှာမှ ငြိမ်းအေးတာ သေချာတယ်ဆို ...

စာရွက်လေး တရွှပ်ရွှပ် လှန်လှော ဖတ်ရှူရတာမှ
ခံတွင်းတွေ့ တာ သေချာတယ်ဆို ...

ဥတု သုံးပါးရှိပါမှ ပြက္ခဒိန်က အသက်ဝင်တယ်လို့ 
ခံစားမိတာ သေချာတယ်ဆို ...

အခုလို မိုးရာသီမှာ မိုးလေး တပြိုက် နှစ်ပြိုက် ရွာပြီးကာစ
မြေနံ့ လေး သင်းနေပါမှ
ခြေခင်းလက်ခင်းသာယာတာ သေချာတယ်ဆို ...

ရာသီပေါ် မုန့် ပဲသရေစာတွေကိုမှ
ချဉ်ချင်းတက်တာ သေချာတယ်ဆို ...

ငါးပိရည်ကျိုနံ့ လေးသင်းနေတဲ့ မိသားစု ထမင်းဝိုင်းလေးကမှ
နွေးထွေးတာ သေချာတယ်ဆို ...

ဘာသာစကားတွေကြား မွန်းကျပ်နေပြီဆို
စက်ရုပ်တစ်ရုပ်လို့ ကိုယ့်ကိုကိုယ် ထင်မြင်နေပြီဆို
အထီးကျန်ခြင်းနဲ့  သိပ်ရင်းနှီးနေပြီဆို ....

သေချာတာတွေ
သေချာသထက် သေချာနေပြီဆို ....

ရေခြားမြေခြားမှာ အစစ်ကြီး မပျော်ပိုက်တော့တာ ... ။

မောင်ငယ်

7 comments:

မွန် said...

အထီးကျန်ခြင်းနဲ့ သိပ်ရင်းနှီးနေပြီဆို ..
အဲဒီလိုတွဲသုံးတာလေးတွေ ဖတ်ရတာ သိပ်လှတယ်
ကဗျာကလဲ လွမ်းလို့မွန်းကျပ်လောက်အောင် လှတယ်

အိုင်လွယ်ပန် said...

အချိန်တန်တောင် အိမ်ပြန်ချိန်လွန်ခဲ့တယ် ...
(သီချင်းစာသား :))

သေချာတာတော့သေချာတယ် ...
လှုပ်မရသေးတာလည်း သေချာနေတာတော့ခက်ပေါ့ :)

ဆောင်းယွန်းလ said...

သေချာသမှသိပ်ကိုသေချာပေါ့ညီလေးရာ
နားလည်နိုင်သူတွေချင်းမို့ နားလည်တယ်လို့ထပ်ပြောစရာမလိုတော့ပါဘူး

emayarKhin said...

ရေခြားမြေခြားမှာ အစစ်ကြီး မပျော်ပိုက်တော့သလို
အတုကြီးလည်းမပျော်ပိုက်နိုင်ပါ........

ရွှေပြည်သူ (ShwePyiThu) said...

တထပ်ထဲ ခံစားသွားတယ် မောင်ငယ်ရေ။ “သေချာတယ်ဆို”... ဆိုပြီး ဖတ်လိုက်တိုင်း... ကိုယ့်ဘာသာ မေးခွန်းတွေ ပြန်ပြန်မေးမိတယ်။

ဖြိုးငယ် said...

ကောင်းတယ် .. ကြိုက်တယ် .. မိုက်တယ် ..
ခံစားချက်ကတော့ ထပ်တူပဲ ညီရေ ...

ဝေလေး said...

သေချာတာတွေက သေချာနေပြီဆို ဒါတစ်ကယ်သေချာပြီပေါ့..
ဒီကဗျာလည်းကြိုက်တယ်.. :)