CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday 11 November 2009

" ပြက်လုံး "


သွေးပူ နေတုန်းက
အေးတူ ပူုမျှ
ဖေးကူ ထူမ
တွေးပု ငိုရ
ခုတော့ ဟာသ … ။

မောင်ငယ်

Thursday 15 October 2009

“ ချစ် ခင် စုံ မက် သဖြင့် ”


နုထွားပျိုမြစ် ကိုလိုနီလက်သစ်မလေးရေ
ကျည်တစ်တောင့် မဖောက်ပဲ
မင့် မျက်ဝန်းမျက်ဖန်အောက်
ပြားပြားမှောက်ကုန်သော မြေပိုင်ရှင်များ
ဟောတစ်ယောက် ဟောတစ်ယောက်
များ … များလွန်းလှချည့်

ကိုယ့်နှလုံးသားကလည်း
မွေးရာပါ ကျန်းမာလေတော့
အသစ်စက်စက် ပင်ပေါင်လုံးလိုပ
တရစပ် လွတ်ခုန်
ကိုယ့်နယ်မြေသစ်တွေလည်း ဆုံးရှုံးကုန်ပါပြီကွယ်

ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ကိုယ့်နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ရာသက်ပန်ပေါ့

ကိုလိုနီလက်သစ်မလေးရေ
မင့် သစ္စာတော်ခံယူကြောင်း
ရင်ခုန်သံ သက်သေအကောင်းစားများ
လက်ဆောင်ပဏ္ဍာ ဆက်သလိုက်ပါကြောင်း ... ။

မောင်ငယ်

Thursday 17 September 2009

“ မရေမတွက်နိုင်သော ”


မိုးစက်လေးတွေ တဖျောက်ဖျောက်
ရေပြင် မြေပြင်ပေါ် ကျနေသံကြားတယ်
မိုးစက်တွေက များတော့
ဘယ်အသံက ဘယ်မိုးစက်ကမှန်း မသိနိုင်ပေဘူး
အသံကြားနေတာပဲ သိတယ်
တဖျောက်ဖျောက် ကျနေသံပဲ ကြားတော့တယ်

ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ
တချစ်ချစ် မြည်နေသံကြားတယ်
ဆဲလ်လေးတွေက များတော့
ဘယ်အသံက ဘယ်ဆဲလ်ကမှန်း မသိနိုင်တော့ဘူး
အသံကြားနေတာပဲ သိတယ်
ကောင်မလေးရယ်
နည်းနည်းနောနော အချစ်တွေလားကွယ် … ။

မောင်ငယ်

Monday 14 September 2009

"မိုက်တီး"


လောကကြီးကို အထက်စီးကနေ လက်သီးနဲ့ ဆင့်ထိုး
လောကဓံကို အဖက်မတန်သလို ဆက်ဆံ
ကံကြမ္မာကို အပြန်တစ်ရာ ကုလားဖန်ထိုး
အိုဗျာ..... ရှင်းရှင်းပဲပြောမယ်
ကျုပ် သူခိုး ဂျပိုး မဟုတ်ဘူး ... ။

မောင်ငယ်

Friday 11 September 2009

“ ခွင့်လွှတ်ပါ ”


သားရေကို လိုချင်လို့ 
သားရဲတွေနဲ့ ပစ်ခတ်သတ်ပုတ်ခဲ့ဖူးတယ်
ရွှေသမင်မလေးရယ်
ကိုယ့်ရိုင်ဖယ်ကို မင်းလက်တွင်း အပ်နှင်းပါတယ် … ။

သားမွှေးကို လိုချင်လို့ 
သိုးလေးတွေ မွေးမြူခဲ့ဖူးတယ်
ယုန်ဖြူမလေးရယ်
ကိုယ့်အသွေးနဲ့ အသားက မြက်ခင်းစိမ်းစိမ်းလေးပါ … ။

မင့်အချစ်ကို လိုချင်လို့ 
ကိုယ့်နှလုံးသားကိုပါ
အဆစ်ထည့်ပေးလိုက်မိတာပါကွယ် … ။

မောင်ငယ်

Wednesday 9 September 2009

“ စိမ်းရက်လေခြင်း ”


နင်မနှစ်သက်တော့
ငါ့အချစ်က ကြော်ငြာအားကောင်းပြီး
စားသုံးသူ မရှိတဲ့ ကုန်ပစ္စည်း တခုလို

နင်လက်မခံတော့
ငါ့ဂရုစိုက်မှုတွေက လမ်းမှာကျပျောက်သွားတဲ့
ပေးစာတစ်စောင်လို

နင်အဖက်မလုပ်တော့
ငါ့ကဗျာတွေက ခြောက်လုံးလုံးလွဲတဲ့
အောင်ဘာလေ ထီလက်မှတ်တစောင်လို

နင်ဥပေက္ခာပြုတော့
ငါက ဘာသိဘာသာ ဖြတ်ကျော်သွားခြင်းခံရတဲ့
ကြားဘူတာလေးတခုလို

ကောင်မလေးရေ
ငါရဲ့ နွေအိုအိုထဲက
မီးဖိုလေးကိုတော့ မီးငြိမ်းပေးခဲ့ပါ

မောင်ငယ်

Thursday 3 September 2009

“အခန်းဆက် ကျိန်စာ”


ကန္တာရထဲက
ခံစားတတ်တဲ့ နှလုံးသားသေးသေးလေး ပိုင်ဆိုင်တဲ့
အညိုရောင် သဲလေးပွင့်လေးဟာ
ကျနော်ပါ

ကျနော့်ကို နေခြည်မလေးက
နံနက်စောစောတိုင်းမှာ နွေးထွေးစွာ နိုးထစေပါတယ်
အရုဏ်ဦးမှာ သူမရဲ့  ရင်ငွေ့ နဲ့ ပဲ
မနေ့ က အိပ်မက်ဆိုးတွေ မေ့ပျောက်စေပါတယ်

ငြိတွယ်ခြင်းဟာ
ဒီဂရီကို တိုးစေရုံသာမက
ထောင့်တွေကိုလည်း ကျယ်စေပါတယ်

မြင့်တက်လာသမျှ
ကျနော့်ရင်တွေ ချစ်ချစ်တောက် ပူလောင်ရပြီး
တကိုယ်စာ တံလျှပ်လှိုင်းလေးနဲ့ 
သူ့ အလိုကျ ထထ လူးလွန့် ရပါတယ်

အမြင့်ဆုံး ထွန်းလင်းတောက်ပချိန်မှာ
နေခြည်မလေးလို့  မခေါ်ချင်တော့လောက်အောင်
ကျနော့်မှာ မျက်စိ မျက်နှာ ပျက်ရပါတယ်
ဒီလို ထောင့်မှန်အချိုးမျိုး ချိုးတာကို
သူမ အပြုံးတိမ်ရိပ်တို့  ဖြတ်အပြေးမှာ
ကျနော် တမေ့တမော ငေးကျန်ခဲ့ရပါတယ်

သူမလက်တွေနဲ့ 
နူးညံ့စွာ ထွေးပိုက်ထားတတ်တဲ့
ညနေခင်းတွေမှာ
ကျနော်ဟာ သိုးဖြူလေး တစ်ကောင်ပါ

အနမ်းတွေနဲ့ ချွေးသိပ်ပြီး
ထွက်ခွာသွားတော့မယ် အကြောင်း
အနီရောင်တိမ်တောက်တောက်တွေနဲ့ 
လက်ပြနှုတ်ဆက်ပါတယ်

အခုချိန်ထိ
သူမ နှုတ်ဆက်ထွက်ခွာသွားတိုင်း
ညဆိုတဲ့ အမှောင်ကမ္ဘာကြီးထဲ
ကျနော့်ကို ပစ်ပစ်ချထားရစ်ခဲ့တယ်

မောင်ငယ်

Tuesday 1 September 2009

"အိုဇုန်းလွှာ"


ခင်ဗျားနဲ့  ကျနော်တို့ ရဲ့ 
သွေးသား အလိုဆန္ဒအတွက်နဲ့ ပဲ
ကမ္ဘာလည်း အပျိုရည် ပျက်ရတာပဲ
အပူသည် ရုပ်ကိုပေါက်လို့  ... ။

မောင်ငယ်

Sunday 30 August 2009

''ဥာဥ့်ငှက်''


ဒီမှာ ဒီမှာ
ဘယ်သူတွေ
ကိုယ်အရိုးကိုယ်ထုတ်
စွပ်ပြုတ်လုပ် သောက်ဖူးသလဲ ....

ဘယ်သူတွေ
ကိုယ့်အရေ ကိုယ်ဆုတ်
ဝတ်စုံချုပ် ၀တ်ဖူးသလဲ ...

ဘယ်သူတွေ
ကိုယ့်နှလုံးသား ကိုယ်ထုတ်
နှိုးစက်လုပ် သုံးဖူးသလဲ ...

ဘယ်သူမှ မရှိဘူး
ဒီလိုတော့ ရှိသေးတယ်

သူတို့ တွေ
ကိုယ့်ခန္ဓာ ကိုယ်ရောင်း
ဘ၀ကို အဆင်ပြေသလို စာလုံးပေါင်းကြတယ် ... ။

မောင်ငယ်

Thursday 27 August 2009

"မတန်ဘူး"


နင့်ရဲ့ 
အသက်ရှူသံသဲ့သဲ့လေးက အစ
မျက်တောင်ခတ်တာလေးက အစ
ခါးထောက်မာန်မဲတာလေးက အစ
မြတ်နိုးခဲ့တာ ...

နင့်ရဲ့ 
ဆံနွယ်အကြွေလေးတွေက အစ
တစ်သျူးအကြေလေးတွေက အစ
မျက်စောင်းအသေလေးတွေက အစ
ကောက်ယူသိမ်းထားခဲ့တာ ...

နင့်အနား
နေခြည်တွေ ဖြာဆင်းနေတာက အစ
လေပြေတွေ ဆော့ကစားနေတာက အစ
နှင်းပွင့်လေးတွေ ဝေ့၀ဲနေတာက အစ
ဘ၀င်မကျခဲ့တာ ...

ဒီလိုမျိုး ဒီလိုမျိုး ...
အချစ်မှာ သွက်သွက်ခါနေတဲ့ကောင်က
ကိုသာဆိုး ဆိုတဲ့ အမည်နာမကို
ရင်ကိုကော့ ခေါင်းကိုမော့ပြီး
တံဆိပ် ခတ်နှိပ်ခံခဲ့တယ်
ဒါနဲ့ များ .....
နင်မို့ လို့  အစိမ်းလိုက် ထက်ပိုင်းပိုင်းရက်တယ် ... ။

မောင်ငယ်

Wednesday 26 August 2009

"လူပျိုသိုး"


ပန်းကြိုက်တတ်တဲ့
တီတီတာတာ မဒီကညာနဲ့ များ
ရည်ငံရင်တော့လား
ပိုးကြေးပန်းကြေး
တပွေ့ ကြီး ပေးရချည်ရဲ့ ဆို
ပန်းတခင်းပျိုးထား အိမ်အရှေ့ နား
ဈေးကိုသာ ပို့ ပို့ နေရတယ်
ပိုက်ဆံတွေတိုး ... ။

ဒီတသက်ဝယ်
ဇွဲကိုသာ ဖက်တွယ်ပါလို့ ရယ်
ပန်းတခင်း ထပ်ပျိုး ... ။

မောင်ငယ်

Saturday 22 August 2009

"အဖြည့်ခံ ၃ "


နင် စိတ်အဆာ ပြေဖို့ ပါ
ငါ …
စားပွဲထိုးလေး တစ်ယောက်လို
ရင်ဘတ်ထဲရှိသမျှ တည်ခင်းဧည့်ခံ
ဒဏ်ရာတွေသာ ပေကျံနေရစ်ခဲ့တယ် … ။

မောင်ငယ်

Saturday 15 August 2009

" သည့်နောက် "


ညင်သာမယ် ထင်တာပေါ့
ခုတော့ ..... အချစ်က
နှလုံးသားခေါင်းတိုင် အတွင်း
အရှိန်ပြင်းပြင်းနဲ့  ထိုးဆင်းလာတဲ့
လေယာဉ် တစ်စင်း ... ။

မောင်ငယ်

Thursday 13 August 2009

“ ကျေနပ်တယ် ”


့အသာတကြည် တိုက်စားခံသော
ကမ်းပါးများ
မြစ်ကြမ်းပြင်အောက် ပျော်ရွင်စွာ
ရေစီးရဲ့ အမိန့် ကို နာခံကြတယ် ... ။

စေစားရာ လွင့်မျောနေသော
တိမ်တိုက်များ
ကောင်းကင်ထက် ပျော်ရွင်စွာ
လေစီးရဲ့  အမိန့် ကို နာခံကြတယ် ... ။

ယဉ်ပါးစွာ ရိုကျိုးနေသော
နှလုံးသား
နှုတ်ခမ်းပါးတစုံရဲ့  တေးသွားမှာ
ဝပ်တွားစွာ ကခုန်နေတယ် ... ။

မောင်ငယ်

Saturday 8 August 2009

" ကြံရာပါ ကပ်ပါးကောင်များ "


ဒီကမ္ဘာကြီးပေါ် နှစ်သန်းပေါင်းများစွာက
ကပ်ပါးကောင်တွေ အခြေချ ရှင်သန်ခဲ့ကြတယ်
ကပ်ပါးကောင်တို့ ရဲ့  ရှင်သန်ခြင်းမှာ
ကိုယ်ပိုင်ရှင်သန်ခြင်း မရှိကြဘူး
ကပ်ပါးကောင်တွေမှာလည်း ကပ်ပါးကောင်တွေရဲ့ 
ပါးနပ်စွာ ခိုကပ်နေထိုင်ရှင်သန်ခြင်း ခံရပြန်တယ်
အကြောင်းကြောင့် အကျိုးဆိုရင်
ကပ်ပါးကောင်တွေဟာ အကျိုးတရားသာ ဖြစ်တယ် … ။


ကပ်ပါးကောင်တွေ ထဲမှာမှ ကပ်ပါးကောင်တမျိုးဟာ
သူတို့ ကိုယ် သူတို့  အတန်းအစား တရပ်ရယ်လို့ 
ဘယ်သူ့ အတည်ပြုချက်မှ မယူပဲ
တညီတညွှတ်ထဲ အတည်ပြုလိုက်ကြတယ် … ။


ကပ်ပါးကောင်တွေပေါ့ …..

ယဉ်ကျေးမှုတွေ အစဉ်အဆက်မြင့်တင်ခဲ့ကြ
အချင်းချင်း သတ်ဖြတ်မှုကို ဆရာမကူပဲ
တဖတ်ကမ်းခတ် တတ်မြောက်ခဲ့ကြ
သမိုင်းတွေကို သွေးနဲ့  ချင်းချင်းနီအောင် ရေးခဲ့ကြ
နယ်မြေသစ်တွေ ကျယ်သထက်ကျယ်အောင် ချဲ့ ထွင်ခဲ့ကြ
စစ်ပွဲတွေ တရားဝင် ဆင်နွဲခဲ့ကြ
နယ်နိမိတ်တွေ ပိုင်းခြားသတ်မှတ်ခဲ့ကြ
တောရိုင်းယဉ်ကျေးမှုကို ပယ်ချလို့ 
မြို့ ရိုင်းယဉ်ကျေးမှု တစ်ရပ်ကို အဆိုတင်သွင်းလိုက်ကြ
ဘာသိဘာသာ လက်ခံကျင့်သုံးရင်း
သက္ကရာဇ်တွေ ထုဆစ်လာခဲ့ကြတယ် … ။


ကပ်ပါးကောင်တို့ ရဲ့ ဗီဇမှာ …..

ပြိုင်ဆိုင်မှုဆိုတဲ့ အားဆေးကို ထိုးသွင်းခြင်း ခံခဲ့ရတယ်
မနာလိုခြင်းနဲ့  ၀န်တိုခြင်းကို နာလိုသူတစ်ယောက်ရဲ့ 
လိုအပ်မှုတစ်ခုအနေနဲ့  ကျိန်စာသင့်ခံခဲ့ရတယ်
ချစ်ခြင်း မုန်းခြင်းတရားဟာ ကုစားလို့ မရတဲ့
မွေးရာပါ ဘာသာဗေဒ တစ်ခုဖြစ်ခဲ့ရတယ်
အတ္တနဲ့ မာနကို စုတ်ချက်နက်နက် အပေါက်ခံခဲ့ရပြီး
ဆေးပြန် မဖျက်နိုင်သူတွေလည်း ဖြစ်တယ် … ။


ကပ်ပါးကောင်တို့ ရဲ့ သမိုင်းမှာ …..

ကပ်ပါးကောင်တွေသာ ဆွေစဉ်မျိုးဆက် ကြီးစိုးခဲ့ကြတယ်
တော်လှန်ရေးကို တစိုက်မတ်မတ် တော်လှန်ရင်း
အခွင့်အရေးရဲ့  တော်လှန်ခြင်းကို ခံခဲ့ရပြန်တယ်
အချစ်ကြောင့် သမိုင်းတွင်ခဲ့သလို
အချစ်ကြောင့်ပဲ သမိုင်းတွေ တွင်းနက်ခဲ့ဖူးတယ်
စက္ကူနဲ့  သတ္ထုဖြူတွေကို
တန်ရာတန်ကြေး သတ်မှတ်ပေးနိုင်ခဲ့တယ်
စစ်နဲ့  ငြိမ်းချမ်းရေးကို
ရေလို မိးလို အပူတပြင်း လိုအပ်လို့ နေကြတယ်
ဆန့် ကျင်ဘက်လိင်တို့  ဆွဲဆောင်မှုမှာ ထူးဆန်းစွာ
ဖောက်လွဲဖောက်ပြန် ဖြစ်နေကြပြန်တယ်
အမြီးဆွဲ ခေါင်းဆွဲ ခြေရာခံ အလိုက်ခံရဆုံးသူတွေထဲမှာ
ငွေကြေးနဲ့ ဂုဏ် ဟာ နာမည်ရထားပြီးသူတွေလည်း ဖြစ်တယ် … ။


ကပ်ပါးကောင်တွေဟာ ရရင် …..

ဆဠမအာရုံထိ တွေ့ ထိခံစားတတ်ချင်တယ်
နေမ၀င်အင်ပါယာကို ထူထောင်ချင်ခဲ့ကြတယ်
သေခြင်းတရားနဲ့  လွန်ဆွဲဖို့ အထိ မိုက်မဲခဲ့ကြတယ်
ကပ်ပါးကောင်တွေ ဖြစ်အောင် တုပတီထွင်ချင်ကြစဲဖြစ်တယ် … ။

ကပ်ပါးကောင်တို့ ရဲ့  ကိုးကွယ်မှုမှာ
ဘာသာတရားတွေ ထွန်းကားစည်ပင်ခဲ့တယ် …

ကပ်ပါးကောင်တို့ ရဲ့  ၀ါဒမှာ
အသွင်ပြောင်းကျောက်တွေလို အကွက်ဆန်းခဲ့ကြတယ် …

ကပ်ပါးကောင်တို့ ရဲ့  ပညာမှာ
အနုပညာသာ အနုအစိတ်ဆုံးရယ်လို့  ဆိုကြပြန်တယ် …

ကပ်ပါးကောင်တို့ ရဲ့  ဘ၀မှာ
အစအဆုံး ညည်းငွေ့ စွာ သင်ယူရင်း
ကုန်စင်အောင် တတ်မြောက်မသွားကြသူတွေလည်း ဖြစ်တယ် … ။

ကပ်ပါးကောင်တွေဟာ ကပ်ပါးကောင်တွေ ဖြစ်တာသေချာပြီး
ကမ္ဘာကြီးက ကပ်ပါးကောင်တွေ တွယ်ကပ်နေတဲ့
နေစင်္ကြာဝဠာရဲ့  ကပ်ပါးကောင်တကောင်သာ ဖြစ်လေတယ် … ။

မောင်ငယ်

Thursday 6 August 2009

" အသိုက်ဟောင်း "


မျက်နှာလွဲ ၊ နေရာလွဲ ၊ ရာသီလွဲ ၊ ဘာသာလွဲ
နေထိုင်စားသောက်မှုအလွဲ ၊ ယဉ်ကျေးမှု အလွဲတွေ
ဖိစီးသမျှ ခါးစီးခံရတော့တဲ့ အခါ
'အိမ်ပြန်ချင်တယ်' သီချင်းကိုပဲ ဆိုနေမိတော့ကာ ... ။

အကယ်၍များ ...

ဘုရားသွား ကျောင်းတက် ဗုဒ္ဓရှင်ကိုယ်တော်မြတ်ရဲ့ 
အဆုံးအမ မှာမှ ငြိမ်းအေးတာ သေချာတယ်ဆို ...

စာရွက်လေး တရွှပ်ရွှပ် လှန်လှော ဖတ်ရှူရတာမှ
ခံတွင်းတွေ့ တာ သေချာတယ်ဆို ...

ဥတု သုံးပါးရှိပါမှ ပြက္ခဒိန်က အသက်ဝင်တယ်လို့ 
ခံစားမိတာ သေချာတယ်ဆို ...

အခုလို မိုးရာသီမှာ မိုးလေး တပြိုက် နှစ်ပြိုက် ရွာပြီးကာစ
မြေနံ့ လေး သင်းနေပါမှ
ခြေခင်းလက်ခင်းသာယာတာ သေချာတယ်ဆို ...

ရာသီပေါ် မုန့် ပဲသရေစာတွေကိုမှ
ချဉ်ချင်းတက်တာ သေချာတယ်ဆို ...

ငါးပိရည်ကျိုနံ့ လေးသင်းနေတဲ့ မိသားစု ထမင်းဝိုင်းလေးကမှ
နွေးထွေးတာ သေချာတယ်ဆို ...

ဘာသာစကားတွေကြား မွန်းကျပ်နေပြီဆို
စက်ရုပ်တစ်ရုပ်လို့ ကိုယ့်ကိုကိုယ် ထင်မြင်နေပြီဆို
အထီးကျန်ခြင်းနဲ့  သိပ်ရင်းနှီးနေပြီဆို ....

သေချာတာတွေ
သေချာသထက် သေချာနေပြီဆို ....

ရေခြားမြေခြားမှာ အစစ်ကြီး မပျော်ပိုက်တော့တာ ... ။

မောင်ငယ်

Monday 3 August 2009

“ စာမျက်နှာ-၁ ”


နေပါစေ
မင်းရဲ့  အတိတ်စာမျက်နှာဟောင်းများကို
ပြန်လှန်ဖတ်ရှူ့ ရခြင်းဟာ
ငါ့ကို မျက်ခမ်းစပ် ရောဂါရစေနိုင်တယ် … ။

ထားလိုက်ပါ
ငါ့ရဲ့  အညတရ နောက်ကြောင်းပြန် ပြကွက်တွေဟာ
မင်းအတွက် ဂုဏ်ယူလောက်စရာ
ခမ်းနားမှု မရှိပေဘူး … ။

နိဒါန်းကို ဒီလို စာတန်းထိုးလိုက်ကြစို့ ရဲ့ 

‘ တို့ တွေ ရင်ခုန်ချစ်ခြင်းမှာ
အဟောင်းအမြင်းတွေ ကင်းစင်ပါစေ ’

မင်းက မင်း စစ်စစ်ဖြစ်ဖို့ ရယ်
ငါက ငါ စင်စစ်ဖြစ်ဖို့ ရယ်
မင့်အချစ် ငါ့အချစ် စကာတင် အစစ်ခံနိုင်ဖို့ ရယ်
ဒီ့ထက် ပို မလိုစကောင်းပါဘူးကွယ် … ။

ကျန်ခဲ့တာက …..
စစ်ဖြစ်ဖို့  ဆင့်ခေါ်စာတွေ မပို့ ကြေး … ။

မောင်ငယ်

Thursday 23 July 2009

" ဇူလိုင် "


မိုးကလေး တစိမ့်စိမ့်
လေကလေး တသိမ့်သိမ့်
သစ်ရွက်လေးလို
ငါတော့ မင်းကို တငြိမ့်ငြိမ့်
လွမ်းပေါ့ ... ။

မောင်ငယ်

Saturday 18 July 2009

“စားချက်”


ကဗျာဆရာတစ်ယောက်ရဲ့  ကဗျာကို
ကဗျာဆရာတစ်ယောက်က စားသုံးပြီးတဲ့နောက်
ရသ ကို အရေညှစ်သောက်ပစ်လိုက်တယ်

ကဗျာစားသုံး အပြီး ကဗျာချက်လုပ်ဖို့ 
ခံစားမှုအသစ်နဲ့  လမ်းလျှောက်အထွက်
စကားလုံးနဲ့  အကြောင်းအရာတို့ က
ခပ်ရို့ ရို့ လက်ဆွဲနှုတ်ဆက်တယ်

စကားလုံးနဲ့  အကြောင်းအရာတို့ ကို
အစီအစဉ်တကျ ပြင်ဆင်ပြီး
အကြောင်းအရာ တစ်ခုထဲကို
စကားလုံး အသင့်အတင့်
ထည့်ခတ်လိုက်တဲ့ အခါ
ကဗျာတစ်ပုဒ် ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်တယ်

ပြီးတော့ ဒီလိုပြောမယ် …
‘လာကြပါ .. လာကြပါ ပူပူနွေးနွေး သုံးဆောင်ကြပါ ‘

ကဗျာဆရာတစ်ယောက်ရဲ့  ကဗျာကို
ကဗျာဆရာတစ်ယောက်က စားသုံးပြီးတဲ့နောက်
ရသ ကို အရေညှစ်သောက်ပစ်လိုက်တယ်

အဲဒီကဗျာဆရာကလည်း
ကဗျာစားသုံး အပြီး …………………………… ။

မောင်ငယ်

Thursday 16 July 2009

" ဇာတ်ခုံ "


ဒီကမ္ဘာ ကြီးပေါ်မှာ
များစွာ ... ဖြစ်တည်လာကြ
များစွာ ... ပျက်သုန်းသွားကြ
များပြားစွာ ... ဖြစ်တည်လာခဲ့ကြ
များပြားစွာ ... ပျက်သုန်းသွားခဲ့ကြတယ်
ဒီလိုပေါ့
မင်းနဲ့ ငါ မွေးဖွားလာခဲ့ကြ
ပြီးတော့ ကြီးပြင်းလာခဲ့ကြ
တို့  ဆုံတွေ့ ပြီးကာမှ သင်္ခါရတရားက ပါးလျလွန်းတယ်
ယှဉ်တွဲရမှာလား ရှင်ကွဲရမှာလား
ဘယ်အတွက်နဲ့ မှ မငိုပါနဲ့ လားကွယ် ... ။

မောင်ငယ်

Friday 10 July 2009

“ လာ…အတူ ”


ဝါးဖောင်လေး နှစ်ဖောင်ပေါ့
မတူညီရာ မြစ်လက်တက်တွေဆီက
ဆုန်ဆင်းလာခဲ့ကြ
သံယောဇဉ် မြစ်ဆုံမှာ တချက်လေး ထိခတ်မိရုံ
အချစ်လို့ သက်ဝင်ယုံကြည်ခဲ့ကြတယ် … ။

ဖောင်လေးတွေ ဆိုတော့လည်းကွယ်
ရေးစီးရဲ့  ရစ်သမ်နဲ့ ကိုက်ရပြန်ပေါ့ … ။

အတူဆုံတုန်းခဏ စကားတွေ ဖောင်ဖွဲ့ 
ကမ်းကပါးတွေက ငြူစူတယ် … ။

မာယာမြစ်ပြင်ကျယ်ရဲ့ 
အချိုး အကွေ့  ၊ ရေစီး ရေလွဲ ကြုံရပြန်တော့
‘ ရှေ့ ကသွားနှင့်ပါ ၊ မှီအောင်လိုက်ခဲ့ပါ ’
လက်ပြလို့ ပြောရ ကိုယ်တို့ ဘဝတွေပေါ့ … ။

ဒီတခါတော့ကွယ်
အပြောကျယ်တဲ့ ချစ်ခြင်းပင်လယ်ပြင်ကြီးထဲ
တက်ကုန်ဖွင့် ရွက်ကုန်လွင့်ဖို့ ရာ
နှလုံးသား မြစ်ဝမှာ
ကျောက်ချထားပြီ ဆိုမှတော့
မင်းရောက်လာသည် အထိ … ။

မောင်ငယ်

Monday 6 July 2009

" တိုးတိတ်သွားသော "

့
ဆိတ်ညိမ်ရပ်ကွက်လေးဟာ
တိတ်ဆိတ်လွန်းလှတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက အုတ်ခုံလေးမှာ
ညဘက် သီဆိုသူနဲ့  နားဆင်သူ ကာရန်တွေ တူခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက တရုတ်စကားပန်းပင်တွေ
အစီအရီပေါက်တဲ့ လမ်းလေးမှာ
အသွားနဲ့ အပြန် ၊ အပြန်နဲ့ အသွား မျက်လုံးချင်း စကားများခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက မြေသားလမ်းလေးထက်မှာ
ဘဝနှစ်ခု လက်တွဲ ဘယ်ညာညီအောင်လျှောက်လှမ်းခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက အိမ်ရှေ့ခုံတန်းလေးမှာ
ဘဝအမောတွေ အပြန်အလှန်ချွေးသိပ်ပေးခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲမှာ .....
ဆိတ်ညိမ်ရပ်ကွက်လေးထဲမှာ .....
ဆိတ်ညိမ်ရပ်ကွက်လေးရဲ့ အထဲမှာ .....

ဆိတ်ညိမ်ရပ်ကွက်ထဲက ဒုက္ခအိမ်လေးထဲမှာ
အတူရှိရက်နဲ့  ဘဝခြား
ရင်ခုန်သံလေး တဖက်ဟာ အိမ်ပြန်ချိန်စောရောက်ခဲ့တယ် ... ။

ဆိတ်ညိမ်ရပ်ကွက်လေးဟာ
ခုတော့ တိုးပြီး တိတ်ဆိတ်လွန်းသွားတယ် ... ။

မောင်ငယ်

Thursday 2 July 2009

" ကမ်း ..... အဝေး "

ကြိုးစားပမ်းစား ကူးခတ်လာခဲ့ပေမယ့်
လှိုင်းကြမ်းတွေကြီးစိုးတဲ့ လမ်းမှာ
ကမ်းမကပ်နိုင်ခဲ့တဲ့ လှိုင်းကြက်ခွပ်လေးပါကွယ်

အဝေးက ကမ်းစပ်လေးရေ ...
မနက်ဖြန် လေငြိမ်မှာပါ ... ။

မောင်ငယ်

Monday 22 June 2009

" ဆရာကြီး "


ကမ္ဘာကို ပိုင်းခြားသတ်မှတ်ထားသော
မျဉ်းကြောင်းများ ကွေးသည်
သို့ သော်
ဖြောင့်တန်းသည်
ကမ္ဘာသည် အလုံးကြီး ဖြစ်သည် ... ။

ဇေယျာရွှေမြေ အသင်း နိုင်လိမ့်မည်
သို့ သော်
ရှုံးသွားသည်
ဘောလုံးသည် အမည်နှင့်လိုက်အောင် အလုံးကြီးဖြစ်သည် ... ။

လူတစ်ယောက်အတွက် ၊ နှစ်ယောက်အတွက် ၊ သုံးယောက်အတွက် .....
လူသားအားလုံး အတွက်
အချစ်သည် မရှိမကောင်း ဖြစ်သည်
သို့ သော်
ရှိတော့လည်း မကောင်းသလိုလိုဖြစ်နေသည်
အချစ်သည် မျက်လှည့်ဆရာ လက်ထဲက စက်လုံးတစ်လုံး ဖြစ်သည် ... ။

၎င်းစက်လုံးပေါ်တွင်
မျဉ်းကြောင်းများဖြင့် ပိုင်းခြားသတ်မှတ်နိုင်ခြင်း မရှိသေးပေ
အဖြူ ၊ အမည်း သဲသဲကွဲကွဲ အဓိပ္ပါယ် သတ်မှတ်နိုင်ခြင်းလည်း မရှိသေးပေ
ထို့ ကြောင့်
အချစ်သည် ကမ္ဘာကြီးထက် ၊ ဘောလုံးလေးထက် ဆရာပိုကျလေသည် ... ။

မောင်ငယ်

Thursday 18 June 2009

“တိမ်ကောသွားတဲ့ မြစ်”


ရှူသွင်းလိုက်တဲ့ ဝင်သက်မှာ
ဒေါသ မောဟတွေ ပါနေတော့
မဖြစ်သင့်တာတွေက ဖြစ်ဖြစ်ပြီး သင့်မြတ်လာ
မှုတ်ထုတ်လိုက်တဲ့ ထွက်သက်မှာ
ခန္ဓာဓာတ်သက်တွေ ပါနေတော့
ရှင်သန်ခြင်းက တဖြေးဖြေး ပါးလှပ်လာတယ် … ။

နေဖြစ်စဉ်နဲ့  ညဖြစ်စဉ်တွေက
ခေါက်ရိုးကျိုးနေပါပြီဆိုမှ
မက်တဲ့အိပ်မက်တွေကတောင် ခေါက်ရိုးကျိုးလာ
ဘာများ ရင်ခုန်စရာရှိပါသလဲ … ။

ခရီးဆုံးမှာ ဘာမှ ပါမသွားဘူးဆိုလည်း သဲသဲမဲမဲ
ကျုပ်တော့ ကျုပ်အလွဲနဲ့  ကျုပ်ပဲဆိုပြီး
ဖြဲရဲ ရှာလို့ ရှာ
ကျနော်လည်း အပါအဝင် … ။

သူသူ ကိုယ်ကိုယ်
အကျိုးလိုလို့  ညောင်ရေလောင်းတာချင်း အတူတူ
ဘယ်သူ တစ်ခွက်ပိုလောင်းတယ်
ပြောတဲ့သူက ပြောလို့ … ။

ကြွေပြားကပ်ထားတဲ့ စိတ်အဆောက်အဦးတွေနား
ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ ပွဲလမ်းသဘင်တွေနား
နောက်တခါ ထပ်မသွားချင်တော့လောက်အောင်
အနံ့ အသက်က ဆိုးတယ် … ။

ဒီကဗျာက …
စိတ်ကစိတ်ကို ကိုက်ထားတဲ့ ကဗျာ
စိတ်ပါလက်ပါ ညီးငြူထားတဲ့ ကဗျာ
ဒီကဗျာနဲ့  ခင်ဗျား
ရင်ဘတ်ချင်း နီးပါသလား
ခင်ဗျားလည်း သက်ပြင်းကြီး ချသွားမယ် … ။

မောင်ငယ်

Sunday 14 June 2009

"တပါတ်နွမ်း"


ချူသူများတဲ့ အခိုက်
ငါက
နင်ရိုက်ထုတ်လိုက်တဲ့ ဘေ့စ်ဘောတလုံးပေါ့ ... ။

နုံချာတဲ့ ဘဝ တစ်ခုဟာ
နင့်အတွက်မှ မဟုတ်တာဘဲ
ငါလည်းသိပါတယ် ... ။

အပိုင်လို ချင်လို့ 
တခိုင်လုံး မချိုင်ရက်ခဲ့ရိုး အမှန်ပါ ... ။

ကြိုင်လို့  သင်းနေတဲ့ အနံ့ လေးကိုပဲ
ငါ့အတွက်လို့  မှတ်ယူပါတယ် ... ။

မမှီတဲ့ စပျစ်သီးက
ငါ့အတွက်တော့ ရာသီမရွေးချိုပါတယ်
မြေခွေးမှာ ငါ့လို အသဲနှလုံးမှ မရှိတာကိုး … ။

မြေအခ ကြွေကာကျမှ
တမြတ်တနိုး ဖွဖွကောက်ယူလိုက်မိတာ
ငါ့ သစ္စာတရားပါကွယ် ... ။

ကောင်မလေးရယ်
ခရေပန်းလေးရယ် …
မြေခလည်း မွှေးပျံ့ နေတာ
ငါ့အချစ်ကြောင့်ရယ်ပါ ... ။

မောင်ငယ်

Saturday 13 June 2009

" ဝါသနာ (သို့ ) စိတ်သန်ရာ "


လင်းဦး(စိတ်ပညာ)က ဝါသနာ ဆိုတဲ့ ခေါင်းစဉ်နဲ့  တက်ပို့ စ် လေးရေးခိုင်းလာပါတယ် ။ ဒီစာစုက ကျနော့် အမြင်လေးတွေကို ရေးလိုက်ခြင်းမျှသာ ဖြစ်ပါတယ် ။ အမှာအယွင်းရှိပါက ကျနော့်မှာသာ တာဝန်ရှိပါတယ် ။

ရူးသွပ်မှ အောင်မြင်မှုရမယ်လို့  ဖတ်မှတ်ဖူးပါတယ် ။ အဲဒီရူးသွပ်မှုဟာ ဝါသနာကို အရင်းခံပါတယ် ။ ဝါသနာဆိုတာ သိလိုမှု တတ်လိုမှု ကျွမ်းကျင်လိုမှုလို့  ကျနော်ကတော့ အနက်ဖွင့်ချင်ပါတယ် ။ ဝါသနာကို နှစ်မျိုး ထပ်ခွဲကြည့်ချင်ပါတယ် ။ အသက်မွေးမှု ဝါသနာနဲ့  စိတ်နဲ့ ခန္ဓာမှု ဝါသနာဆိုပြီးတော့ပါ ။

ဝါသနာလို့ ဆိုလိုက်တာနဲ့  အများအားဖြင့် အသက်မွေးဝမ်းကြောင်း ပညာရပ်တခု ဒါမှ မဟုတ် နေ့ စဉ် ၊ အခါအားလျော်စွာ သတိတရ လုပ်မိတတ်တဲ့ အလုပ်လို့  တွေးမိကြပါတယ် ။ ငယ်ငယ်ကတော့ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်ဆိုပြီး ဝါသနာလို့  ထင်ရတဲ့ အကြောင်းအရာ တခုခုကို ပြောဖူးကြမှာပါ ။ အချိန်အခါကိုလိုက်ပြီး အခြေအနေကိုလိုက်ပြီး ပြောင်းလဲမှုတွေလည်း ရှိနိုင်ပါတယ် ။ တခါတရံမှာ ကိုယ့်ရဲ့ အဓိက ဝါသနာ မဟုတ်တဲ့ (ဝါ) စိတ်နဲ့ ကိုယ် ကျန်းမာရေးအတွက်လောက်သာ လိုက်စားဖြစ်တဲ့ အနုပညာ (ဥပမာ - သီချင်းနားထောင်တာ ၊ စာဖတ်တာ) ၊အားကစား သို့ မဟုတ် အခြားသော အကြောင်းအရာ တခုကိုလည်း ဝါသနာလို့ ပြောမိတတ်ပါတယ် ။ ကျနော့် အနေ နဲ့ ကတော့ အရာများစွာထဲက တခုခုကို ပိုပြီး ကြိုက်နှစ်သက်မိတယ်လို့ ပဲ သတ်မှတ်ပါတယ် ။ ဝါသနာလို့  အပြည့်အဝ မဆိုလိုချင်ပါဘူး ။

လူတွေ ဝါသနာပါတဲ့ အလုပ်တွေဟာ လူ့ သဘောသဘာဝအရ ယေဘုံယျ အားဖြင့် အဆင့်အတန်းမြင့်တဲ့ အလုပ်တွေ ဖြစ်နေတတ်ပါတယ် ။ ဥပမာ -- ဆရာဝန် ၊ အင်ဂျင်နီယာ စသည်ဖြင့် … ။ မိလ္လာ အလုပ်သမား ၊ သုဘရာဇာ စသည့်အလုပ်တို့ ကို ဝါသနာပါတဲ့သူ တော်တော် ရှားပါလိမ့်မယ် ။ လူတော်တော်များများဟာ ဝါသနာပါတဲ့ အလုပ်က တခုဖြစ်နေပြီး အသက်မွေးမှုအရ လုပ်နေရတဲ့ အလုပ်က တခု ဖြစ်နေတတ်ပါတယ် ။ ဝါသနာပါတဲ့ အလုပ်နဲ့  အသက်မွေးတဲ့ အလုပ်ဟာ တထပ်တည်း ဖြစ်နေတဲ့သူဟာ သိပ်ကျေနပ်ဖို့ ကောင်းတယ်လို့  ကောက်ချက်ချမိပါတယ် ။ လူတိုင်း လူတိုင်း ဝါသနာပါတဲ့ အလုပ်နဲ့  အသက်မွေးဝမ်းကြောင်းအလုပ် တထပ်တည်း ကျပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

အသက်မွေးဝမ်းကြောင်းအလုပ်ဆိုရင်တော့ အခု ကျနော် ဖြစ်တည်နေတာနဲ့  ကျနော့် ခံယူချက်တွေက ကျနော့် ဝါသနာနဲ့ ကိုက်ညီပါတယ် ။ (လွတ်လပ်စွာ ရှုံ့ ချပိုင်ခွင့်ရှိပါတယ်) ။ လက်ဖမိုး ၊ လက်ဝါး ကိစ္စတွေ ဖြစ်နေပြီဆိုကတည်းက လိပ်ပတ်လည်အောင်မကြည့်လို့ ပဲ ဖြစ်ပါလိမ့်မယ် ။ ;)

ကျန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဝါသနာတွေကတော့ များပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ထင်ရှားတဲ့ ဝါသနာတွေကတော့ စာဖတ်တာ ၊ သီချင်းနားထောင်တာ ၊ လူ့ တွေရဲ့စိတ်သဘောထားကို လေ့လာတာ တို့  ဖြစ်ပါတယ် ။ ဒါ့အပြင် သိပ်နေရာမရတော့တဲ့ ဝါသနာတွေလဲ ရှိပါသေးတယ် ။ ကဗျာရေးတာကတော့ ဒီနှစ်ပိုင်းတွေ အတွင်းမှာမှ တိုးလာတဲ့ ဝါသနာ တခုလို့  ဆိုရပါလိမ့်မယ် ။ အရင်က ကဗျာဆိုရင် ကဗျာစာအုပ်တွေနဲ့  မဂ္ဂဇင်းတွေမှာပဲ လှန်လှော ဖတ်ဖူးတာပါ ။

ရုပ်ပိုင်းဆိုင်ရာအတွက် ကတော့ ပင်ပန်းမယ်ထင်လို့  မလုပ်ဖြစ်တာ ကြာပါပြီ ။ :D

ခုလောလောဆယ် လောလောလတ်လတ် လတ်လတ်ဆတ်ဆတ်ကြီး ဝါသနာပါမိနေတာကတော့ ဘလော့ဂင်းတာပါပဲ ခင်ဗျာ ။ အားလုံး အာလုံးပဲ ဝါသနာပါရာကို ဝါသနာ ပါနိုင်ကြပါစေ ။ :)

မောင်ငယ်

Tuesday 9 June 2009

"စုဘူး"


ငယ်ငယ်က စုဘူးလေး တစ်ဘူးရဖူးခဲ့တယ်
ပိုက်ဆံတွေ စုဖို့ 
ပိုက်ဆံ အသစ်လေးတွေ ခေါက်ကာ ခေါက်ကာ … စု
စုဘူးလေး ပြည့်သွားတော့
စုဘူးလေးကို ပျော်ရွှင်စွာ ခွဲပစ်လိုက်တယ် … ။

အခု စုဘူးလေး တစ်ဘူး ထပ်ရတယ်
အချစ်တွေ စုဖို့ 
အဲဒီ စုဘူးလေးက …
ဖြည့်လို့ မပြည့်နိုင်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
ကြွေရုပ်လေးလိုလှတဲ့ စုဘူးလေး ဖြစ်ရဲ့ 
တီတီတာတာ ပြောတတ်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
မှန်မှန် မစုရင်လည်း ညို ငြင်တတ်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
ကျနော့် ရင်အုံထက် ခေါင်းမှီ အိပ်တတ်တဲ့ စုဘူးလေးလည်း ဖြစ်ရဲ့  … ။

စုဘူးလေးရေ ...
အချစ်တွေ စုစုလာတာ
ခွဲပစ်ဖို့ မှ မဟုတ်တာဘဲကွယ် … ။

မောင်ငယ်

Friday 5 June 2009

"အဖြည့်ခံ ၂"


နင့်ဘဝလေး လင်းကျင်းနေဖို့ ပါ
ငါ …
ညစ်ထေးနေတဲ့ ဖန်မီးအိမ်လေး အလား
အပူတွေ ရင်ထဲမှာငုံလို့ 
တမြေ့မြေ့ လောင်ကျွမ်းခဲ့ရပုံ ... ။

မောင်ငယ်

Saturday 30 May 2009

“လယ်သူမလေး”


ငါ့မျက်ဝန်းထဲ ကြယ်စင်တွေလာလာ ပျိုးကြဲ
နင်ဟာ လယ်သူမလေးပါပဲ … ။

ငါ့ရင်ခုန်သံတွေ ခိုးခိုးနှုတ်
နင့်ကို သူရင်းငှား အစုတ်ပလုတ်လေးလို့  ခေါ်ချင်ရဲ့  … ။

ငါ့ရင်ဘတ်မှာ အိပ်မက်တွေ လာလာစိုက်
အတန်းလိုက် အတန်းလိုက်ပေါ့
နင့်မှာ မှော်ဆန်ဆန်လက်တွေများ ရှိလေရော့ သလား … ။

လယ်သူမလေးရေ ….
ငါ့ရင်ကွင်းပြင်ထဲ ချစ်ခြင်းတွေ နိုင်နိုင်သွင်းပါကွယ်
လှိုင်လှိုင်ကြီး သီးပွင့် ၊ ကြီးရင့်ပစ်လိုက်ချင်လို့ ပါ … ။

ဒီတစ်ရာသီ လွန်ရင်တော့
ငါ့အနှံတွေ အဆံပြည့်တန်ကောင်းရဲ့ 
ချိန်ခါမှီ ရိတ်သိမ်းပါလှည့် … ။

မောင်ငယ်

Tuesday 26 May 2009

"ရာပြည့်"


အကောင်းကိုကား လိုက်ရှာ၏
တွေ့ ကားမတွေ့ ဆိုသလို
အနှစ်ကို ချုပ်ကြည့်ငြား
အကာများသာ ..... ( ကျနော့် ကဗျာတွေပါ ) ... ။

ကိုယ့်အလွမ်းနဲ့ ကိုယ် ချမ်းလာရင်
ကိုယ့်ကဗျာနဲ့ ကိုယ် ပြန်လှူံတယ်
နက်ရှိုင်းစွာ ပေါ့ပါးခဲ့တယ် ... ။

ခံစားလို့ ရသမျှအကြောင်း
လက်ညောင်းအောင်ရေးခဲ့သူလား .....
ဟုတ်မယ်ထင်တယ် ... ။

အရည်မရ အဖတ်မရတဲ့
စိတ်ထင်တိုင်း ခပ်လိုက်ဆယ်လိုက်
သိပ်မိုက်တာပေါ့
ကိုယ့်အကြိုက်နဲ့  ကိုယ်ကိုး ... ။

မနိုင်မနင်းနဲ့  ကာရန်တွေ နဘေတွေ
ညှပ်ညှပ်သုံးတော့
စကားလုံး သွားကြားညှပ်တယ် ... ။

တွေးရင်း ရေးရင်း ရေးရင်း တွေးရင်းနဲ့ 
ဒီလမ်းပေါ် အခါခါ လူးလွန့် နေမိတော့တာ ... ။

မောင်ငယ်

Sunday 17 May 2009

“ဘုတ်ကောင်”


ခြေဖနောင့်လို ကောင်လေ
ရှေ့ ကိုလျှောက်နေရင်းက နောက်ကို ပြန်ငေးတုန်း … ။

အနာကျက်ခါစ ဒဏ်ရာကို ပွတ်သပ်ကြည့်ရသလို …
ကိုယ့်ငယ်ရုပ်ကိုကိုယ် ပြန်ကြည့်ရသလို…
ကိုယ့်ကဗျာဟောင်းကိုကိုယ် ပြန်ဖတ်ရသလို …
ခံစားမှုကိုက စုပ်တသပ်သပ်နိုင်တယ် … ။

မောင်ငယ်

Friday 15 May 2009

“စိတ်ရောဂါ”


စိတ်မပါဘဲ ပြုံးရယ်ပြ
စိတ်မပါဘဲ ရိုသေပြ
စိတ်မပါဘဲ ကျိုးနွံပြ
စိတ်မပါဘဲ စိတ်ပူပြ
စိတ်မပါဘဲ စိတ်မကောင်းဖြစ်ပြ
စိတ်မပါဘဲ စိတ်ဝင်စားပြ
စိတ်မပါဘဲ စိတ်ပါခဲ့ရ
ကြာတော့ .....
စိတ်အမာရွတ်တွေက စိတ်ဆာလာကြ
စိတ်အဆာသွတ် တပွဲပေးပါ … ။

မောင်ငယ်

Sunday 10 May 2009

"အဖိတ်အစင်"


ပျောက်ဆုံးနေသော
ကိုယ်တခြမ်းကို ရှာဖွေခြင်းဆိုတာ
ပိုကာဒေါင်းတာပါလို့ ဆိုလိုက်ရင်
အများအတွက်တော့ ဆေးခါးတစ်ခွက် ဖြစ်နေလိမ့်မယ်
ဒီ့ထက်လည်း ပိုကောင်းပိုမယ် ... ။

ဒီလိုပါ .....
ကံကို ပုံပြီး
ဆွဲလိုက်တဲ့ ဆွဲဖဲ တချပ်က
ကိုယ့်အတွက် ( ဘဝတခုလုံးစာ အတွက် )
နောက်ဆုံးတချပ်လေလားဆိုပြီး
ရင်ခုန်ရတာမျိုး မဟုတ်လား ... ။

ထွေစဉ်မကျလို့  ပစ်လိုက်ရပေမယ့်
ပစ်ဖဲ တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ... ။

အမှုမဲ့ပေမယ့် အမှတ်တရပါပဲ
ကိုယ်က ဆွဲဖဲကို ပစ်လိုက်
ပစ်ဖဲက ကိုယ် ကိုယ်တိုင် ဖြစ်သွားလိုက်
သံသရာက လှည့်တယ်
ဝဋ်က လည်တယ် ... ။

ကံဇာတာက မွဲတော့
ဒီတပွဲလည်း ရှုံးပြန်တာပဲ အမေ .....
ရှုံးကြေးက
ကျနော့် နှလုံးသားလေး ဖြစ်ဖြစ်နေတာကတော့ ... ။

မောင်ငယ်

Monday 4 May 2009

"အလွတ်တန်း ပညာရေး"


ကောင်မလေးရေ ...
ငါက လူသုံးများတဲ့ အက္ခရာတခု မဟုတ်လေတော့
လူကြိုက်များတဲ့ ဘာသာစကားလည်း မဟုတ်လေတော့
သတိမထားမိတာ မဆန်းပါဘူးကွယ် ... ။

နင် နားလည်တတ်ကျွမ်းထားတဲ့ ချစ်ခြင်းဘာသာစကားနဲ့ 
ငါပြဌာန်းထားတဲ့ ချစ်ခြင်းဘာသာစကားက
သွင်သွင်ကွဲနေတော့ နားလည်မှုတွေက
တေ့တေ့ဆိုင်ဆိုင် လွဲတယ် ... ။

လိုအပ်တယ်ကွဲ့ 
တခုပဲ လိုတာပါကွဲ့ 
နင့်အတွက် မယဉ်ပါးသေးတဲ့
ဘာသာစကားတခုတော့ မဟုတ်ပါဘူးကွယ်
သိလား .....
အဲ့ဒါ ငါ့နှလုံးသားရဲ့  ဘာသာစကားဆိုတာ ... ။

အဖြူရောင် အရိုးခံ စာရွက်အလွတ်တွေယူခဲ့
အပြာရောင် ဘောပင်လေးပါ ညှပ်လာခဲ့
သူငယ်တန်း ကလေးတွေလိုပ
ဝ လုံးဝိုင်းဝိုင်းလေးတွေ လေးကြောင်းမျဉ်းပေါ်မှာ ရေးသလို
အောက်သက်ကြေအောင် သင်ကြားပေးပါ့မယ်
အတန်းမှန်အောင် တက်ဖို့ တော့လိုတာပေါ့ကွယ် ... ။

ဒီတစ်တန်းအောင်ရင်တော့
ငါ့မာတိကာ အဖွင့်က
နင့်အပြုံးပန်းပွင့်တွေ အကြောင်း
နင်ကိုယ်တိုင် ဖတ်နိုင်ကောင်းရဲ့  ... ။

မောင်ငယ်

Tuesday 28 April 2009

"ကဗျာ"


စာတွေ့  မှီငြမ်း ထားသမျှ
------ --စီတန်း ချရေးလိုက်ခြင်း မဟုတ်ပါ

စိတ်မှာ သီတန်း လာသမျှ
--------ဒီလမ်း ပေါ် ခါချလိုက်ခြင်းမျှသာ

အဲဒါ ---ကဗျာ ... ။

မောင်ငယ်

Thursday 23 April 2009

“နာလန်ထ ရာသီ”


နွေရယ် ….
အိမ်အပြန် နောက်ကျလိုက်တာကွယ်
ငါ့မှာ ….
ဆောင်းတွင်းတတွင်းလုံး မင်းကို လွမ်းလို့  ချမ်းလို့ ... ။

မင်းပြန်ရောက်တဲ့နေ့ ကပေါ့
လမ်းမတွေထက်မှာ ပြောင်လို့ ရှင်းလို့ 
ကောင်းကင်ပြာကြီးလည်း လင်းလို့  ကျင်းလို့ 
ပွင့်ဦး ညွန့် ဖူးတို့  စိမ်းလို့  လန်းလို့ 
လေပြေအေးအေးတွေလေ ညှင်းလို့ သွဲ့ လို့ 
ငှက်ကျေးလေးတွေတောင် တီလို့ တာလို့ 
ငါ့စိတ်တွေလည်း ထိုနှယ်ပါပဲကွယ် ... ။

မောင်ငယ်

Tuesday 21 April 2009

“ခက်ပြီ”


စာတွေ ကဗျာတွေ ….
တွေးတယ်
ရေးလွန်းတော့ လက်ခလယ်က အသားမာ တက်တယ်
အဲဒီတော့ ခက်တယ် ... ။
ခရီးတွေ လမ်းတွေ ….
ကြမ်းတယ်
လျှောက်ပါများတော့ ဖဝါးအရေထူတယ်
အဲဒီတော့ ခက်တယ် ... ။

အသိတွေ စိတ်တွေ ….
လွင့်တယ်
မျောပါမိတော့ ထိန်းချုပ်နိုင်စွမ်း သံချေးတက်တယ်
အဲဒီတော့ ခက်တယ် ... ။
မျက်လုံးတွေ မျက်ခုံးတွေ ….
လှတယ်
ကြည့်တယ် မြင်တယ် အာရုံမှာ စွဲထင်ကုန်တယ်
အဲဒီတော့ ခက်တယ် ... ။

သူ့ အပေါ် ……………..

အကြင်နာတွေ မေတ္တာတွေ ….
ရေစီးရင်းက ကမ်းပြိုတယ်
အထိန်းအကွပ်မဲ့တော့ နှလုံးသားလေး တခြမ်းပဲ့ပါသွားတယ်
အဲဒီတော့ ခက်တယ် ... ။
အချစ်တွေ အချစ်တွေ ….
ချစ်တာပဲ သိတော့တယ်
နောက်တခြမ်းကိုပါ ရက်ရက်ရောရော ပေးလိုက်မိတယ်
ခုမှ တကယ် ခက်သွားတော့တယ် ... ။

မောင်ငယ်

Monday 13 April 2009

"နှစ်နှောင်းပန်း"


အကြို ၊ အကျ ၊ အကြက် ၊ အတက်
အားလုံးပဲ ချဉ်ခြင်းတက်နေကြပြီ
"သင်္ကြန်" ... ။

တမြေဝေးတော့ တထွေ လွမ်းနေမိတာက
"ပိတောက်" ... ။

ပိတောက်ပွင့်ဖတ်တွေလေ ...
သင်္ကြန်ရဲ့  သရုပ်ကို အဟုတ်ပီပြင်စေဖို့ 
ဘယ်လိုဘယ်ပုံ
အပြိုင်အဆိုင် ဖူးကြပွင့်ကြမယ် ဆိုတဲ့အကြောင်း
ဒီညမှာ တီးတိုးတိုင်ပင်နေကြရှာရောပေါ့ ... ။

ဘယ်လောက်အနွံအတာခံတဲ့ ပိတောက်တွေလဲကွယ်
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်စွဲတွေမှာမှ
ပြာယာခတ်ပွင့်ပေးနေလိုက်ပုံများ
တပင်လုံးဝါထိန်သွားအောင် ... ။

သူသူကိုယ်ကိုယ် ဒီလိုဒီလို တမ်းတနေကြပါတယ်
ပိတောက်ပန်းလေးရယ် ... ။

မောင်ငယ်

Saturday 21 March 2009

"ဘယ်သန် ပြဇာတ်"


နင့်လက်ဖဝါး နုနုငယ်ကို
ဆုပ်ကိုင်တွဲထားချင်ခဲ့ဖူးတဲ့ ဘယ်လက်ဖဝါး...
ငါ့ရင်ခုန်သံတွေရဲ့  နရီစီးချက်ကို
တွယ်ဖက်လို့  နားဆင်ချင်ခဲ့ဖူးတဲ့ ဘယ်ဘက်ရင်အုံ...
တရေးတမော မှေးစက်ရင်း
တခုတ်တရအိပ်မက် မက်ချင်ခဲ့ဖူးတယ်ဆိုတဲ့ င့ါဘယ်လက်မောင်းထက်...
ရှားပါး နင့်အနမ်းများကို
လွမ်းတသသ တမ်းတခဲ့ဖူးသော ငါ့ဘယ်ဘက်ပါးပြင်...
နင့် ပခုံးသား လုံးလုံးထက်
သွယ်တန်းထိန်းမတ်ထားချင်ခဲ့ဖူးသော ဘယ်လက်ဖျံ...
နင့်လှမ်းလွင့်လာတိုင်း
ကမ်းလင့်ပေးချင်ခဲ့ဖူးသော ဘယ်လက်ဖျား.....
.............................................................
................................................................
...................................................................
ဒီလိုနဲ့  ဘယ်ဘက်စွန်းစွန်းထိ
အိပ်မက်တွေ ခုတ်မောင်းသွားလိုက်ကြတာ
အိပ်မက်ကနိုးတော့ ... ငါ
နှစ်ဦးဆိုင် လမ်းမတွေထက် ဘယ်လက်နဲ့  လက်မှတ် မထိုးတတ်ခဲ့ဘူး ... ။
ခုလည်း ကြည့်လေ ...
ငါ့ဘယ်ဘက် မျက်လုံးအိမ်ထက်က မျက်ရည်တစက်
ဘယ်ဘက်ထောင့်နားကနေ ဘယ်ဘက်ကိုပဲ ကွေ့ ကောက်
ခုန်ပေါက်ပြေးဆင်းသွားပြန်ပြီ ... ။

မောင်ငယ်

Tuesday 17 March 2009

"သူခိုး"


တိုးတိုးလေးပဲ အော်ဟစ်စွပ်စွဲပါ့မယ်
နင် .... သူခိုး...။

နင့် အကြည့်တစ်ချက်နဲ့  င့ါတံခါးချပ်တွေ ပွင့်ခဲ့ရပေါ့
ခြေသံပြင်းပြင်းနဲ့  ငါ့နှလုံးသား အခန်းတွင်းထိ
ချင်းနင်းဝင်ရောက် ရှာဖွေပါ
လေးဘက်လေးတန် တခန်းလုံး ပြည့်လျှံနေတာ အချစ်တွေပေါ့
အဖိုးအနဂ္ဃထိုက်တန်တာဆိုလို့  ငါ့ရင်ခုန်သံတွေပဲ ရှိရဲ့ 
အခြားသူ အတွက် အပို မရှိဘူးကွဲ့ ... ။

မရောင့်ရဲ ပါနဲ့  ...
မရောင်ရဲ ပါနဲ့ ကွယ်
တနင့်တပိုး ငါကိုယ်ကျိုးနဲ အောင်သာ ခိုးယူသွားပါ
အကြောင်းသိတွေမို့  ဒီလောက်စုဆောင်းလို့ ထားမိတာပါ
အဲ ..... အိပ်မက် တစ်ခုလောက်တော့ ချန်ထားခဲ့ 
ဒါလေးနဲ့  အသက်ဆက်ရမှာကွဲ့ ... ။

တိတ်တိတ်လေးပဲ ၀န်ခံပါ့မယ်
ငါ စိတ်လိုလက်ရ အခိုးခံခဲ့မိတယ် .... ။

မောင်ငယ်

Thursday 12 March 2009

“မူကြို”


အချစ်ဆိုတဲ့ စာလုံးပေါင်း
သတ်ပုံတောင် မှန်အောင် မပေါင်းတတ်သေးဘူး
ဒီမှာ မောင်ငယ် …. မင်းနှယ် …..
မင်းမို့ လို့  အချစ်ကဗျာတွေ
ပစ်ပစ်ခါခါ ရေးရက်လေတယ် … ။

မောင်ငယ်

Sunday 8 March 2009

"ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း"


အဖြေလွှာမစစ်သေးတဲ့ ကောင်မလေးရေ
ခုထိ အောင်စာရင်းမထွက်ပေးသေးဘူးလားဟာ
ကျောင်းမှာ နင် ကဗျာလွတ် က တုန်းက
ငါ့မှာ မဆီမဆိုင် ကဗျာတွေ လွတ်ကျလို့ ကျ
နင်ကတော့ ပြောတယ် ... နင့်ကဗျာတွေ ရယ်ရတယ်တဲ့  ... ။

အဲ့ဒီနေ့  မနက်ခင်းက
နေခြည်တွေ ခုန်ပေါက်ပြေးဆင်း
နင့်ပါးပြင်ပေါ် ပိုင်စိုးပိုင်းနင်းနဲ့ လေ
ဝန်တိုခြင်းဆိုတာ အဲ့ဒီကစ ငါရင်းနှီးခဲ့ရတာပေါ့ ... ။

နေခြည်အလဲ့ လေအသွဲ့ မှာ
ကပိုကရို ယိမ်းနွဲ့ သွားတဲ့
နင့်ပါးပြင်ပေါ်က မွှေးညှင်းစိမ်းများပဲပေါ့
ငါ့ရင်ခုန်သံတွေကို စနစ်တကျ ကမောက်ကမ ဖြစ်စေခဲ့တာ ... ။

မောင်ငယ်

P.S => ဒီကဗျာက “နွေရဲ့ ပန်းကဗျာ" ဆိုတဲ့ ကဗျာရဲ့ နောက်ဆက်တွဲပါ ။ :)

Tuesday 3 March 2009

“အမှိုက်”


ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဘယ်သူတွေ ဘာကွဲကွဲ
ငါ့ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲလို့ တော့ မဖြစ်ဘူး ကောင်မလေးရေ
တို့ တွေကြားက လွဲချော်မှုတွေ အကြောင်း
စကားလုံးတအား ဖောင်းပွအောင် မပြောချင်ဘူးကွယ်
တစ်ယောက်ကိုတစ်ယောက်
အမြင်ကတ်လောက်အောင် ချစ်တယ်ဆိုတဲ့ အကြောင်းပဲ
အခြေအတင်ထပ်လောင်းလို့  ပြောချင်ပါတယ်
မိုးထိုးနေသော မင်းအတ္တ ၊ ခေါင်ခိုက်နေသော ငါ့မာန
နေအထွက်မှာ အဆုံးသတ်မြုပ်နှံဖို့ 
မနက် (၈) နာရီ ထပါ
ကဘော်ချိုင့်ဝှမ်း ငါစရန်သတ်ထားနှင့်ပြီးပြီ … ။

မောင်ငယ်

Wednesday 25 February 2009

“နွေတေး”


ခုခါ
သူ့ ရင်တလင်းမှာ
ပြတ်ရွေ့ ကြောင်းတွေ ထူထဲလာတာ
ဒီကဗျာကြောင့်ပဲ ဖြစ်မှာ ။

နွေပါ
ဖြတ်သန်းနေရတာက
နွေခေါင်ခေါင်ဟာ ဆောင်းယောင်ဆောင်လို့ 
သူပါ ရောယောင်ပူသွားပါပေါ့။

ဝေးပြီ
သစ်စေ့လေးရေ
မင်းရှင်သန်ဖို့  အမြစ် ဘယ်လိုမြစ်ကမှ
စီးဝင်မလာဘူးတဲ့ ။

သူလည်း
ကာရန်တွေ ညစဉ်
စိတ်ထင်တိုင်း ချူကာချတော့ အဆွေးအလွမ်း
ကသမ်းကရမ်း ကြွေကာကျ ။

စိတ်ထဲ
သူရယ်ကိုယ် ကြိတ်ကြေကွဲ
အရိပ်အယောင်တွေ ထထ ကတတ်တော့
လက်ယှက်ထိုး ကြိတ်ဖျက်ခဲ့ရ။

အိုကွယ်
ဘယ်လို အဆိပ်အတောက်က
တို့ အိပ်မက်ကို ယောက်ယက်ခတ်စေနိုင်မလဲ
ပွဲပြီးရင် မီးသေရစမြဲ ။

မောင်ငယ်

Friday 20 February 2009

"တိုးတိုးတိတ်တိတ်"


နှစ်ကိုယ်ကြားပဲပြော ..
နှစ်ကိုယ်ကြားရုံလောက်ပဲပြောပါ ...
နံရံတွေ လေလှိုင်းတွေက
တို့ စကားသံ ခိုးနားထောင်သံကြားတယ်
နားတွေမှ မလိုပဲ
ရင်ဘတ်ချင်းပဲ ချိတ်ဆက်စေ
နှလုံးသားချင်းက
ချက်ဆို နားခွက်က မီးတောက်ပြီးသား
သူတော်ချင်း
သတင်းလွေ့ လွေ့ တဲ့ 
ချစ်သူချင်း
ချစ်ခြင်း တငွေ့ ငွေ့ ပေါ့
တိတ်တဆိတ် နေတာတောင်
ရင်ချင်းခတ်သံ ကြားနေပြန်သေး ... ။

မောင်ငယ်

Monday 16 February 2009

"အကြာကြီး မဖတ်သင့်တဲ့ ကဗျာ "


သင်္ကြန်လွန်မှ ပွင့်တဲ့ ပိတောက်
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

ပင်လယ်ပြင်မှာမှ သည်းတဲ့မိုး
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

မြေနိမ့်ရာမှ အပြန်ပြန်စိုက်တဲ့လှံ
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

အချိုရည် ကုန်သွားတဲ့ ကြံဖတ်
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

ခြံပြင်ရောက်မှ ဟောင်တဲ့ခွေး
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

တံခါးလာမခေါက်တဲ့ သတင်း ၊ အတင်းများစွာ
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

လူရာဝင်မှ လူရာသွင်းတဲ့ အပေါင်းအသင်း
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

အသဲစားပြီး ပဲများတဲ့ မိန်းမ
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

လောကမှာ ခင်ဗျားလို လူစား အများကြီး
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

ပျိုမယ်ကြံ အိုရပြန်တဲ့ ဒီခန္ဓာ
လွမ်းလောက်စရာ ဘာမှ မရှိဘူး ... ။

အခု ခင်ဗျားဖတ်နေတဲ့ ဒီကဗျာ
လွမ်းလောက်စရာ ဘာမှ မရှိဘူး
မနက်ဖြန် .. အင်း ..... ခဏနေ မေ့သွားမှာပါ ...... ။

မောင်ငယ်

Friday 13 February 2009

"ပျိုကမ္ဘာ"


တောင်တန်းစဉ် ဝိုင်းကာဝန်း
တိမ်လွှာပြင် မှေးပြိုဆင်း
ပါးပင်လယ် ပန်းနုရောင်သမ်း
သူမတောင် ကြက်သီး တဖျန်းဖျန်း ထသွားပါပေါ့
ကဗျာဆရာ ကောက်ကတ် လက်သရမ်းလိုက်ပုံ ... ။

မောင်ငယ်

Sunday 8 February 2009

“ချင်ခြင်းတက် ညစာ”


စူးစူးရဲရဲ ခေတ်စမ်းကဗျာ တစ်ပုဒ်
ဖောက်လွဲဖောက်ပြန် ရော့ခ်တေးသွားတစ်ပုဒ်
အခါးဓာတ်ကြမ်းကြမ်းစွက်တဲ့ ကော်ဖီတစ်ခွက်
လေးဆယ် ရာခိုင်နှုန်းပါတဲ့ မီးမတောက် ဗော်ဓကာ
စာစီစာကုံး ဖြေဆိုသလို
ကြိုက်နှစ်သက်ရာ ဘယ်သင်းကိုရွေးပါဆို
ကျုပ်ကတော့ ကဗျာတစ်ပုဒ်ကို
အာသာငမ်းငမ်း ခုန်ဖမ်းမိမှာပဲ … ။

ကဗျာ .. ကဗျာ …
ခံစားတတ်သူ ရင်ဘတ်ချင်းဆို
ချက်ချင်း ဆွေမျိုးရင်းတွေပေါ့ … ။

ရင်အုံထဲ
မည်သို့ မည်ပုံ စီးဝင်ကြောင်း
ပြန်ပြောင်းမပြောနဲ့  … ။

မြစ်တွေတောင်
ပင်လယ်ကို စိတ်ကြိုက် စီးဝင်ကြသေးတာ … ။

မောင်ငယ်

Monday 2 February 2009

"မြစ်ကျိုးအင်း"


မခွဲခွာရခင် အထိတော့
တို့ အတူ စီးဆင်းခဲ့ကြတာပဲ မဟုတ်လား …
ဒီအချိုးကို အရောက်မှာ
နင်ကွေ့ တယ် …
သံယောဇဉ် လက်တစ်ဆုပ်စာနဲ့ 
ချွေးသိပ်ထားခဲ့ …
နုန်းတင်မြေနုလွင်ပြင်တစ်ခုဟာ
ဗီလိန်ပေါ့ …
ငါ့မှာ နင်စီးဆင်းသံကြားရက်နဲ့ 
ငြိမ်သက်နေရတဲ့ ဘဝ …
ဘယ်တော့များမှ ငါ့ကမ်းစပ်ကို
နင်ပြန်လာ နမ်းပါ့မလဲ … ။

မောင်ငယ်

Thursday 29 January 2009

"ဆေးကုန် ပုံမထွက်"


ဈေးတန်းတလျှောက် လမ်းလျှောက်သူတွေ များလား
စကားတွေလည်း တခါတခါ များကြ
လိုသည်ထက်ပိုပြော ပိုမောကြ
ပေါင်းစည်းလိုက် ခွာပြဲလိုက်
ဒီပုတ်ထဲက ဒီပဲတွေပဲ အစေး မကပ်ဖြစ်ကြ ...။

စကားလုံးကြီးကြီးတွေ ကလောင်သွားမှာတပ်
လေမသလပ်ခင် တွင်တွင်ပစ်ပေါက်
မရှောင်နိုင်သူတွေမှာ
နားယောင်တဲ့သူက နားယောင်
နားထောင်မြဲ ဆက်နားထောင် ... ။

သက္ကရာဇ်တွေ လက်ချိုးရေတွက်
အထိမ်းအမှတ်ဟေ့ဆိုပြီး အချိန်းအချက်လုပ်
လက်ပတ်တွေပတ် ခေါင်းစည်းတွေစီး
ဟီးဟီးထ ကြုံးဝါးကြ
မယောင်ရာ ဆီလူး ဆီးဗူးများလည်း ကုန်၏ ... ။

ဒီမြေမှာမွေး ဒီရေသောက် ဒီဆန်စား
ထွားကျိုင်းလာကြ
ဝ လုံးကို ကျောက်တံနဲ့ စရေး
ဒီပြည်ထောင်စုသားတွေပဲ မြေတောင်မြောက်ပေးခဲ့တာ
ခင်ဗျားတို့ ကို
ပြည့်ဖုံးကားချ ဘ၀မေ့ကြ
ဖိနပ်ထူထူစီး အောက်ခြေလွတ်ကြ ... ။

လက်ဆုပ်လက်ကိုင်ရဖို့  သာကီသွေးနှော
ကျုပ်သဘောနဲ့ ပြောရရင် အော့နှလုံးနာတယ် ... ။

လက်ဝေခံစနစ် ကျင့်စဉ်လိုကျင့်
အပွေးတောင် ရင့်နေပြီ ... ။

ပါးစပ်တစ်ခြမ်းလောက် လှုပ်ပြီး
ရွှေတောင်ကြီးဟီး ရွှေထီးကြီးဆောင်းချင်သူကလည်း အများသား
နှုတ်သီးကောင်း လျှာပါး
နိုင်ငံကြီးသား ပီသနေရုံနဲ့ တော့
ဝိုင်းမျှော်နေသော ရွှေပြည်တော်
ဝေးနေဦး မည်သာ ... ။

မောင်ငယ်

Sunday 25 January 2009

"အားလပ်ရက်"


မြူမှုန်ကျင်းတဲ့ မနက်ခင်း
လင်းပြီ
နေမထွက်ပဲ ...
နေ့ တစ်နေ့ အတွက် စိတ်ကို ခင်းကျင်းလိုက်တော့
အိပ်ယာသိမ်းဖို့  သတိမရဘူး
စီးကရက်ကို မီးပြေးရှို့ ဖို့ ပဲ သတိရ
စိတ်အာသာပြေမှ နံနက်ခင်းက လှတာကလား ...
ထင်ပါရဲ့ 
သူသူငါငါ ဒီနေ့ ကိုတော့ အပိုင်ရလိမ့်မယ်လို့ 
တနင်္ဂနွေနေ့ လေ ...
ဒီနေ့  စိတ်စေစားရင်
လမ်းမထက် ခြေရာ ကျန်ကောင်းကျန်မယ်
ကြာပါတယ်
ကဲ မင်းလည်း မနက်စာစားပြီးရင် လမ်းပေါ်တက်
နေရာတွေတာ မတူမယ်
ငါတို့  လမ်းမထက်
ဒါကြောင့် ဒီနေ့ အားလပ်ရက် ... ။

မောင်ငယ်

Wednesday 21 January 2009

"အဖြည့်ခံ"

့
နင် ဝေဖို့ ပါ
ငါ ...
သန်စွမ်းပျိုမြစ် သစ်မြစ်တွေအလား
နေဆိုမအား ညမနားနဲ့ 
ထိုးခွဲတိုးဝင်ချက် ဟိုး…နက်နက်ထိ … ။

မောင်ငယ်

Saturday 17 January 2009

"ရွာကင်း"


မှည့်မျိုးမထင် ကွမ်းတောင်ရှင်ပ
ရွာ့လှပဂေး ထွေးညိုလေးရဲ့ 
ဝါအကျွတ်မှာ နဖူးစာမှန်
ဧကန်ဖြစ်ရေး စိတ်ဝယ်တွေးငေး
ကြိတ်ပိုးဆွေးရ မောင့်ဘ၀ ... ။

ရွာရိုးတခွင် စကာတင်စစ်
မောင်ကြီးကျန်ရစ် မဖြစ်ရအောင်
ကျန်ကာလသား ငနာများကို
စကာကျဲကျဲ နာနာဆွဲပြီး
ဒီမောင့်အလှည့် မောင့်အလှည့်မှာ
စကောနဲ့ သာ စစ်ပါကွယ် ... ။

မောင်ငယ်

Tuesday 13 January 2009

“သို့ … ဖြစ်ပါ၍”

သူမနှုတ်ခမ်းဖျားကို ကျနော် အနမ်းများနဲ့ 
ထိခတ်လိုက်တဲ့ အခိုက်အတန့် 
ရယ်သံတွေ ကြည်လင်
မျက်ဝန်းတွေ တိမ်ဝင်မသွားတဲ့ အခါများမှာ
ကျနော့် ကဗျာစာသားတွေ တအားနူးညံ့တယ် … ။

စေ့ထားတဲ့ နှုတ်ခမ်း မျက်ဝန်းအစုံ အမ်းလာ
အခန့် မသင့်တဲ့ ခဏ တဒင်္ဂပေမယ့်
ဒီလိုအချိန်မျိုး ခံစားချက်တွေပျိုးလိုက်တိုင်း
ကစဥ့်ကလျား ချို့ ယွင်းချက်များများနဲ့ 
ထွက်ကျလာတဲ့ ကဗျာတစ်ပိုဒ်တောင်
ကာရန်တွေ မွေးရာပါ သေဆုံးလို့  … ။

လေပြေလောက်ပဲ တိုက်ခတ်တာတောင်
အခြေကို နိုင်အောင်မထိန်းနိုင်ဘူးဆို
တို့  ရှုနေတဲ့ ရင်ခွင် ကသိုဏ်း
ဗဟိုချက်တွေ ခဏတိုင်း ပျက်လိမ့်မယ် ချစ်သူ … ။

နေ၀င်နေထွက် အချိန်တွေနဲ့  ဆက်စပ်သတဲ့
မင်းနဲ့ ကိုယ်နဲ့ ကြားက ဝေးကွာနေမှုကိုတော့
အချစ်နဲ့ မေတ္တာကို ဆတူရောစပ်လို့ 
ပေါင်းကူးတံတား သွယ်တန်းထားကာမှ
လွမ်းမှုရေးရာ သက်သာပေမပေါ့ … ။

လမ်းခွဲဖို့ စကား မပြောပါနဲ့ လား ချစ်သူ
ကြားနာဝံ့တဲ့ ရဲရင့်မှု မရှိသေးလို့ ပါ
မင်းကျောခိုင်းလို့  လှည့်ထွက်အသွား
ကိုယ့်နှလုံးသားက ကိုယ့်ရင်ကိုခွဲထွက်
သွေးစက်လက် အပြေးတစ်ဝက်နဲ့ 
မင်းလားရာနောက် အရိပ်လို
တစ်ကောက်ကောက် လိုက်နေသေးတယ်တဲ့ကွယ်

ကိုယ့် အိပ်မက်တွေ မကောင်းဘူး ချစ်သူရယ် … ။

မောင်ငယ်

Sunday 11 January 2009

"မိခင် မေတ္တာဘွဲ့  ကဗျာစု"

Mother Day Poems2

Saturday 10 January 2009

"စုန်ရဲရဲ ဆန်ရဲရဲ"


ထာဝရ ဦးညွတ်ပါတယ် အမေ ။

အမေ့ဂုဏ်ရည် အထူးထူးကို
အပြည့်အ၀ဖော်ကျူးဖို့ 
ဒီနေ့ ထိ ဘယ်သူမှ
ဥာဏ်မကွန့် မြူးနိုင်သေးတာ
အားလုံးတခဲနက် လက်ခံလျက်ပဲ ။

အမေလို့ လျှာဖျားလေးနဲ့ 
မြည်တမ်းလိုက်ရင်တောင်
လှိုက်လှိုက်တက်လာတဲ့
ရင်ထဲက ကြည်နူးမှု
အမေ့မေတ္တာကြောင့် ဆိုတာ
ဘယ်သူမှ မငြင်းဝံ့ဘူး အမေ ။

ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေ ဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့  ။

အသက်ကို အရင်းထား
စွန့် စားရဲတဲ့ အမေ့အတွက်
သား၊သမီးတိုင်း
ပြန်ရဲရင့်ခွင့် ရှိသင့်တာပေါ့
ပြန်ရဲရင့်သင့်တာပေါ့ ။

သားတော့
အမေ့အတွက်နဲ့ ဆို
တလောကလုံးနဲ့ တစ်ယောက်
အန်တုပြီး ရန်ပြုရဲတယ် အမေ ။

မောင်ငယ်

P.S => အမေနေ့  ကို ဂုဏ်ပြု ရေးဖွဲ့ ပါသည် ။

Wednesday 7 January 2009

"၄င်း"


၁.၁.၂၀၀၈

အခွံမာ မြစ်တစ်စင်းရဲ့ 
ရစ်ခွေစီးဆင်းမှု ပုံစံအတိုင်း
သိုသိပ်စွာ စီးဆင်းဖြစ်ခဲ့ ... ။

၃၁.၁၂.၂၀၀၈

၁.၁.၂၀၀၉

အခွံမာ မြစ်တစ်စင်းရဲ့ 
ရစ်ခွေစီးဆင်းမှု ပုံစံအတိုင်း
သိုသိပ်စွာ စီးဆင်း...ဆင်း... ... ။

၃၁.၁၂.၂၀၀၉

မောင်ငယ်

Sunday 4 January 2009

"ညလူဆိုး"


ပေါ်လာနိုးနဲ့ 
မျှော်ကာကိုးတော့
ညတောင်နိုးပေါ့
ကိုယ်လူဆိုးလေ ... ။

ခြေလက်သိပ်ထိုး
ကွယ်ရာကြိတ်ပျိုး
လွမ်းစိတ်ရယ်တိုး
ကိုယ်ကလူဆိုး ... ။

သေချာပါတယ် ...
ကိုယ် ... ညလူဆိုး ... ။

မောင်ငယ်