CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 13 January 2009

“သို့ … ဖြစ်ပါ၍”

သူမနှုတ်ခမ်းဖျားကို ကျနော် အနမ်းများနဲ့ 
ထိခတ်လိုက်တဲ့ အခိုက်အတန့် 
ရယ်သံတွေ ကြည်လင်
မျက်ဝန်းတွေ တိမ်ဝင်မသွားတဲ့ အခါများမှာ
ကျနော့် ကဗျာစာသားတွေ တအားနူးညံ့တယ် … ။

စေ့ထားတဲ့ နှုတ်ခမ်း မျက်ဝန်းအစုံ အမ်းလာ
အခန့် မသင့်တဲ့ ခဏ တဒင်္ဂပေမယ့်
ဒီလိုအချိန်မျိုး ခံစားချက်တွေပျိုးလိုက်တိုင်း
ကစဥ့်ကလျား ချို့ ယွင်းချက်များများနဲ့ 
ထွက်ကျလာတဲ့ ကဗျာတစ်ပိုဒ်တောင်
ကာရန်တွေ မွေးရာပါ သေဆုံးလို့  … ။

လေပြေလောက်ပဲ တိုက်ခတ်တာတောင်
အခြေကို နိုင်အောင်မထိန်းနိုင်ဘူးဆို
တို့  ရှုနေတဲ့ ရင်ခွင် ကသိုဏ်း
ဗဟိုချက်တွေ ခဏတိုင်း ပျက်လိမ့်မယ် ချစ်သူ … ။

နေ၀င်နေထွက် အချိန်တွေနဲ့  ဆက်စပ်သတဲ့
မင်းနဲ့ ကိုယ်နဲ့ ကြားက ဝေးကွာနေမှုကိုတော့
အချစ်နဲ့ မေတ္တာကို ဆတူရောစပ်လို့ 
ပေါင်းကူးတံတား သွယ်တန်းထားကာမှ
လွမ်းမှုရေးရာ သက်သာပေမပေါ့ … ။

လမ်းခွဲဖို့ စကား မပြောပါနဲ့ လား ချစ်သူ
ကြားနာဝံ့တဲ့ ရဲရင့်မှု မရှိသေးလို့ ပါ
မင်းကျောခိုင်းလို့  လှည့်ထွက်အသွား
ကိုယ့်နှလုံးသားက ကိုယ့်ရင်ကိုခွဲထွက်
သွေးစက်လက် အပြေးတစ်ဝက်နဲ့ 
မင်းလားရာနောက် အရိပ်လို
တစ်ကောက်ကောက် လိုက်နေသေးတယ်တဲ့ကွယ်

ကိုယ့် အိပ်မက်တွေ မကောင်းဘူး ချစ်သူရယ် … ။

မောင်ငယ်

7 comments:

emayarKhin said...

အိမ်မက်မကောင်းရင်
နောက်တခါကောင်းအောင်ပြန်မက်........စတာ
ကွဲနေတာလား(အသဲ)?????
ဒါနဲ့ဟိုစာသားမိုက်တယ်..........
ကာရန်တွေမွေးရာပါသေဆုံးလို့...ဆိုပဲ။

တင့်ထူးရွှေ said...

အိပ်မက် မကောင်းရင် ယတြာချေလိုက်လေ ..:P

အိုင်လွယ်ပန် said...

အိပ်မက်တွေမကောင်းပေမယ့်
တကောက်ကောက်လိုက်နေသေးရဲ့ ................

လင်းဦး(စိတ်ပညာ) said...

အချစ်ဆိုတာ တော်တော်ဒုက္ခပေးတာပါကောလား...
ဟုတ်ပ ... အရိပ်လို အမြဲတမ်းနေချင်မိတာပေါ့....

အိပ်မက်တွေ ကောင်းပါစေဗျာ :)

Kaung Kin Ko said...

ကဗျာလေး မိုက်တယ်။ ရှယ်ပဲ။

ဝေလေး said...

ဟာ ဝေလေးပြောမယ့် စကား ကိုတင့်ထူးရွှေဦးသွားတယ် :P :P

Anonymous said...

တယ်ဆိုတဲ့ စာပါလားဗျ ကောင်မလေးတော့
မသိဘူး ကျားကျားခြင်းတောင် ကြွေချင်နေပီ
ဟီးဟီးဟီး