CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 29 January 2009

"ဆေးကုန် ပုံမထွက်"


ဈေးတန်းတလျှောက် လမ်းလျှောက်သူတွေ များလား
စကားတွေလည်း တခါတခါ များကြ
လိုသည်ထက်ပိုပြော ပိုမောကြ
ပေါင်းစည်းလိုက် ခွာပြဲလိုက်
ဒီပုတ်ထဲက ဒီပဲတွေပဲ အစေး မကပ်ဖြစ်ကြ ...။

စကားလုံးကြီးကြီးတွေ ကလောင်သွားမှာတပ်
လေမသလပ်ခင် တွင်တွင်ပစ်ပေါက်
မရှောင်နိုင်သူတွေမှာ
နားယောင်တဲ့သူက နားယောင်
နားထောင်မြဲ ဆက်နားထောင် ... ။

သက္ကရာဇ်တွေ လက်ချိုးရေတွက်
အထိမ်းအမှတ်ဟေ့ဆိုပြီး အချိန်းအချက်လုပ်
လက်ပတ်တွေပတ် ခေါင်းစည်းတွေစီး
ဟီးဟီးထ ကြုံးဝါးကြ
မယောင်ရာ ဆီလူး ဆီးဗူးများလည်း ကုန်၏ ... ။

ဒီမြေမှာမွေး ဒီရေသောက် ဒီဆန်စား
ထွားကျိုင်းလာကြ
ဝ လုံးကို ကျောက်တံနဲ့ စရေး
ဒီပြည်ထောင်စုသားတွေပဲ မြေတောင်မြောက်ပေးခဲ့တာ
ခင်ဗျားတို့ ကို
ပြည့်ဖုံးကားချ ဘ၀မေ့ကြ
ဖိနပ်ထူထူစီး အောက်ခြေလွတ်ကြ ... ။

လက်ဆုပ်လက်ကိုင်ရဖို့  သာကီသွေးနှော
ကျုပ်သဘောနဲ့ ပြောရရင် အော့နှလုံးနာတယ် ... ။

လက်ဝေခံစနစ် ကျင့်စဉ်လိုကျင့်
အပွေးတောင် ရင့်နေပြီ ... ။

ပါးစပ်တစ်ခြမ်းလောက် လှုပ်ပြီး
ရွှေတောင်ကြီးဟီး ရွှေထီးကြီးဆောင်းချင်သူကလည်း အများသား
နှုတ်သီးကောင်း လျှာပါး
နိုင်ငံကြီးသား ပီသနေရုံနဲ့ တော့
ဝိုင်းမျှော်နေသော ရွှေပြည်တော်
ဝေးနေဦး မည်သာ ... ။

မောင်ငယ်

5 comments:

emayarKhin said...

ဖတ်လိုက်မိတဲ့ကဗျာတိုင်းကအမှန်
တရားတွေချည်းပဲ....ဒီကမောင်ငယ့်
ကဗျာယာလည်းအမှန်တရားတွေရေးထားတာပါပဲ...
ကောင်းတယ်ဗျို့....အားကျတယ်....

ကောင်းအောင် said...

အပွေးရင့်ရင့် အရောင်ရင့်ရင့်တွေလေ
ပြောနေရင် မောနေတာအဖတ်တင်မယ်
မနေ့တနေ့က အတွေးစတွေပြန်ဆွဲထုတ်
ဒီနေ့ အကိုတို့အလုပ်နားကြမယ်....

ဟားဟားး ... ဘာမှတော့မဟုတ်ဘူး ရေးချင်လို့ရေးလိုက်တာ... ကဗျာလေးကောင်းတယ်

အိုင်လွယ်ပန် said...

တီးလှချည်လားကိုယ့်ဆရာ ....
အရေးအသားလန်းတယ်ဗျာ ....

သက်ထွန်းညိမ်း said...

ဒီကဗျာလေးတော်တော်ကြိုက်တယ်

ဖြိုးငယ် said...

အကုန်လုံး မှန်ပြီးကောင်းတယ် ..
လေးစားတယ်ညီလေးရေ .. ဒီကဗျာအတွက် ...
တကယ်တော်တယ်ဗျာ ... စကားလုံးတွေက လည်း အားကောင်းလိုက်တာ လွန်ရော