CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 25 October 2008

"မူပိုင်ခွင့်"


ကျနော့်ရင်ထဲ သူမရောက်လာတာကို
အရိုးသားဆုံး သိအောင်ပြောပြဖို့ 
ရှေးရိုးသုံး ချစ်တယ် ဆိုတဲ့စကားလုံးနဲ့ 
ခုတုံးလုပ် သုံးစွဲခွင့် မရချင်ဘူး
ဒီ့ထက်နက်နဲ တဲ့ စကားလုံး
အဘိဓါန်မှာ ရှာဖွေလို့ ကောင်းတုန်း …။

နွေရဲ့ ပင်အိုက ဝေ့၀ဲကျနေတဲ့
ရွေအိုရောင် ကြွေရွက်များလိုပ
တစ်ဖတ်ပြီး တစ်ဖတ် ဆင်းသက်လာကြ
ရင် ရင်ပြင်ထက် အထပ်လိုက် အထပ်လိုက်
သတိရ …..တမ်းတ…..အိပ်မက်…..လွမ်းဆွတ်မှု ….
ကဗျာ ….. ပုံရိပ် ….. ၀န်တိုမှု….. နှစ်လိုမှု …….
အချစ်ရဲ့ နောက်တော်ပါးဆိုတာ
သူတို့ များလား………..။

မြင်ခဲ့ဖူးတဲ့ ဖားဖိုတစ်လုံးလို
နိမ့်လိုက် မြင့်လိုက်နဲ့  ကျနော့်ရင်ဘတ်
စကားလုံးတွေ လျှံထွက်ဖို့ 
ဆန်တက်လာကြ ဆူပွက်လာကြ…..။

အခုမှ ကဗျာက စတာပါ….။

အချစ်နဲ့  ပရောပရီ နေထိုင်ခွင့်
ကဗျာတွေနဲ့ အတူ အိပ်စက်ခွင့်
အလွမ်းတွေ ခေါင်းအုံးလို့  အိပ်မက်ကို ဖက်တွယ်ခွင့်
ထိုထိုအခွင့်များ ခွင့်ပြုပြီးတဲ့နောက်
တစ်နှစ်တစ်ခေါက် သက်တမ်းတိုးခွင့်ပြုပါ…။

နှလုံးသားနံရံရဲ့  အတွင်းဘက်
ချစ်သူ့ ကောက်ကြောင်းများ ခဲခြစ်
တစ်ဆင့်ထပ်ပြီး စောဒကတက်မယ်
သေရာပါ တက်တူး အချစ်ဆူးနဲ့ 
ပုံတူ ကိုယ်တိုင်ရေးထိုးခွင့် ထပ်ပြုပါ…။

ဖူးရွနေတဲ့ ကဗျာနုနုလှလှ တစ်ပုဒ်
ယုယုယယ ဆက်သပြီးတဲ့နောက်
နဖူးပြင်ထက်ဝယ် အနမ်းတစ်ပွင့်
ခပ်ဖွဖွ ခြွေချခွင့်လည်း ပြုစေချင်ပါတယ်…။

ယောင်္ကျားတစ်ယောက်ရဲ့  မူပိုင်ဖြစ်လိုမှု
ဝန်တိုမှုလို့ လည်း ခေါ်ဖို့  အခွင့်ရှိတယ်….။

မောင်ငယ်

8 comments:

အညာသား said...

ဟေ့လူ.. ဖားဖိုကို .. မီး(အပူ)ပိုပြီးရှင်သန်အောင် သုံးကြတာများတယ်နော်... ခင်ဗျားရင်ဘတ်ထဲက စကားလုံးတွေက သူ့အတွက် အဲလိုတွေလဲဖြစ်ကုန်အုံးမယ်.. ဒါပေမယ့် ချစ်တယ်ဆိုတဲ့ စကားထက်လေးနက်တဲ့စကားကို အဘိဓာန်မှာရှာရင်း နောက်ကောက်ကျသွားအုံးမယ်။ အရိုးဆုံးက အဆန်းဆုံးပဲ... တဲ့ ...။ ချစ်ရင် `ချစ်တယ်´ ပဲပေါ့ဗျာ...။ ဟုတ်ဘူးလား.. ငွှဲငွှဲငွှဲ :D

Anonymous said...

ဘယ်သူ့ ကိုပြောပြနေတာတုန်း မောင်ငယ် ...ငါတို့ ကိုတိုင်ပင်တာလား ချစ်သူကို အချွဲပိုနေတာလားး) ကဗျာနုနုတစ်ပုဒ်လောက်နဲ့ တော့ အနမ်းတစ်ပွင့် ဘယ်ရမတုန်းး လောဘတွေ သိပ်မကြီးပါနဲ့ ကောင်လေးရာ ။ အောက်ဆုံးစာသားလေးကိုထောက်ခံပါတယ် အချစ်သည် လွတ်လပ်စွာ သ၀န်တိုပိုင်ခွင့်ရှိသည် :P

thihanyein said...

ဒါနဲ့ စကားလုံးရှာတွေ့ရင် အကို့ကိုလည်းပြောဦးကွနော်
မင်းတစ်ယောက်ပဲမသုံးနဲ့ ဟဲဟဲ ဒါနဲ့ ဖားဖိုကြီး နိမ့်မြင့်ဖြစ်တာ ငါ့ညီ ရင်ဘတ်ကြီးဆိုရင်တော့
ဟေ့ကောင်ညီငယ် ကြည့်မကောင်းဘူးထင်တယ်နော် ဟဟ

တင့်ထူးရွှေ said...

တောင်းဆိုချက်တွေက များလှချည်လား ဂါဂါရ :)

Unknown said...

ဟိုက်......တောင်းပွဲ တိုက်ပွဲတွေနဲ့ပါလား.......
သေရာပါ တက်တူး အချစ်ဆူးနဲ့ 
ပုံတူ ကိုယ်တိုင်ရေးထိုးခွင့် ထပ်ပြုပါ…။
ဆိုတဲ့ အဖွဲ့လေးကြိုက်တယ်ဗျ.....။

မသက်ဇင် said...

နှလုံးသားနံရံရဲ့  အတွင်းဘက်
ချစ်သူ့ ကောက်ကြောင်းများ ခဲခြစ်
တစ်ဆင့်ထပ်ပြီး စောဒကတက်မယ်
သေရာပါ တက်တူး အချစ်ဆူးနဲ့ 
ပုံတူ ကိုယ်တိုင်ရေးထိုးခွင့် ထပ်ပြုပါ…။

မောင်ငယ်ရေ----
ဒီအပိုဒ်လေးကိုကြိုက်တယ်----
ကဗျာဆရာကလည်းလေ-----
သူ့ကောင်မလေးဆီ တောင်းဆိုတာတွေ--
များလိုက်တာနော်---
ခင်မင်လျက်
မသက်ဇင်

ကိုရင်နော်ခင်လေးငယ် said...

ယောင်္ကျားတစ်ယောက်ရဲ့  မူပိုင်ဖြစ်လိုမှု
ဝန်တိုမှုလို့ လည်း ခေါ်ဖို့  အခွင့်ရှိတယ်….။

ဟား... ဘယ်လိုချီးမွမ်းရမှာလဲ....!!
အဲဒီနေရာလေး အရမ်းစားတယ်...
ရိုးရိုးလေး သုံးထားတာပေမဲ့....
ခဏခဏ ထပ်ဖတ်မိအောင်
စွဲဆောင်အားကောင်းတယ်...
အသုံးလေး အရမ်းလှတယ်....။

““““မူပိုင်ဖြစ်လိုမှု... ဝန်တိုမှု....””””

ခင်မင်တဲ့
ဦးနော်၊ တီတီငယ်၊ ကလေးလေး

ခေါင်ခေါင် said...

အဘိဓါန် မှာ ရှာလို့လဲ မတွေ့နိုင်ဘူး...
ဒီယဉ်ကျေးမှုအတွက် ဒီဘာသာ စကားတစ်ခုပဲ ရှိတယ်
တောင်းဆိုချက်တွေကတော့ တော်တော် များတာပဲ