CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday 12 November 2008

"လပြည့်ည ..... ဒါဟာ လပြည့်ည"


ကျနော့် ပါးပြင်ထက်
မှိန်ပြပြ အလင်းတန်းတစ်စက် ရှပ်တိုက်သွား
မသိခြင်း တစ်ဝက်နဲ့  လန့် နိုး
သြော် .... လရောင်က ခိုးနမ်းသွားတာကိုး ... ။

အမှောင်ထဲမှာ အလင်းနုနု
အေးမြမှုနဲ့  ရှုလို့ မ၀ဘူး
ဒီမှာကြ ဒါကိုက ရတောင့်ရခဲ ဆုတစ်ခုလိုပဲ ... ။

ကျနော်နဲ့  သူမကြား
ကြားခံနယ် ရုပ်ဝတ္ထုတို့ နဲ့ 
ပနံရနေမှုက နှိုင်းတုလို့ မရလောက်အောင် ... ။

အပူပေးထားတဲ့ အခန်းထဲက လေနွေးနွေး
ဆောင်းဦးဒဏ်ကို ကျားကန်ပေးနေဆဲ ... ။

ရေမှုန်ရေစက်တို့ ခြောက်ကပ် အကွက်ထနေတဲ့
ပြတင်းတံခါး မှန်နံရံတစ်ချပ်
မတ်တတ်ရပ်ရင်း အညောင်းမိနေပြီ ... ။

သုညနားကပ်နေတဲ့ အပြင်ဘက်ကလေ
ပုံမှန်ချိန်ထက်ပိုလူး လရောင်ကြောင့်
မြူးနေလေရဲ့  ... ။

နွေရာသီဝတ် အင်္ကျီတို့  ချွတ်ချထားတဲ့
အဖြူရောင်ပင်စည်တို့ ရဲ့  ရိုးတံများ
ကောင်းကင်ကြီးကို သူပဲ ပင့်မထားသလိုလို ... ။

အမြဲစိမ်းတဲ့ ထင်းရူးပင်တောတန်းငယ်လေး
သူ့ လက်တန်များ အောက်ဘက်ကိုပဲ ဖြန့် ကား
စိတ်ဓာတ်ကျနေလေသလား မသိ ... ။

တိမ်ထုနဲ့  ကြယ်စုတို့  ရန်သတ်ပြီး
စောစောအိပ်တန်း တက်ကြလို့ 
ဒီည သူမ အာကာယံကို အပိုင်စားရတယ် ... ။

အစွမ်းရှိသလောက် အလျားလိုက် ထွန်းလင်း
ဒါကြောင့်လည်း ကျနော့် အခန်းတွင်းထိ
ချင်းနင်းဝင်ရောက်လာခဲ့တာပေါ့ ... ။

ဒါနဲ့  စကားမစပ်
ဒီည အမိမြေမှာဆို အဖော်တစ်သင်းနဲ့ 
ကြက်သားကာလသားဟင်း ပူပူနွေးနွေးကို
လရောင်အနမ်းခံရင်း........................။

မောင်ငယ်

14 comments:

thihanyein said...

ပထမဆုံးပိုဒ်လေးကောင်းလိုက်တာကွာ....
လရောင်ကခိုးနမ်းသွားတယ်....
တိမ်နဲ့ကြယ်ရန်ဖြစ်လို့ အာကာယုံသူမပိုင်တယ်....
ကဗျာနုလေးတွေပဲညီလေးရေ ...ခံစားချက်ကတော့
အမိမြေကိုလွမ်းနေတယ်ပေါ့....ကြက်သားကာလသား
ဟင်းကိုတောင် မမေ့ဘူးကွ ...အရေးအသားကောင်းတယ်
ညီငယ်ရေ....

သန့်စင် said...

ကဗျာက ကောင်းပါတယ် ဒါပေမယ့် ငါက နောက်ဆုံးအပိုဒ်ကို ပိုကြိုက်တယ် ..
မင်းလက်ရာ မစားရတာတောင် ကြာပြီကွာ နယ်သားရ
ကြက်သားကာလသား ဟင်းလေးကို အမြည်းလေးလုပ် ဟိဟိ ပြောရင်းနဲ့ သားရေတောင် ကျလာပြီ

Anonymous said...

မင်းကလည်းစားချင်တာများ ငါ့ဆီလာတာတော့မဟုတ်ဘူး
မနေ့ကဆို ငါဆို ဘာမှန်းတောင်မသိလိုက်ဘူး
ကာလသားဟင်းကောင်းလွန်းလို့လေ :P

emayarKhin said...

အကိုရေ..ကဗျာလေးကအားလုံးကိုကောင်းနေတော့
တာပါဘဲ.....လရောင်ကော..ကြက်သားဟင်းကော
မစားရအညှော်ခံပေါ့နော်.......ဂလု(တံတွေးမျိုချသံ)

emayarKhin said...

အကိုရေ..ကဗျာလေးကအားလုံးကိုကောင်းနေတော့
တာပါဘဲ.....လရောင်ကော..ကြက်သားဟင်းကော
မစားရအညှော်ခံပေါ့နော်.......ဂလု(တံတွေးမျိုချသံ)

မသက်ဇင် said...

မောင်ငယ်ရေ---
ကဗျာလေးဖတ်ပြီး--
လသာည -ရွာ ကို လွမ်းလိုက်တာ---
ကြက်သားကာလသားဟင်းစားချင်လိုက်တာ--

Kaung Kin Ko said...

ပတ်ဝန်းကျင်ကို ဖွဲ့ တတ်လိုက်တာကွာ။ ကဗျာလေး အရမ်းလှတယ်။

Z said...

ွှအဆုံးသတ်ကျတော့ ကြက်သားကာလသားဟင်းနံ့လေး ရမိတယ်။ ကဗျာလေးက ကောင်းတယ် မောင်လေးရေ...

အိုင်လွယ်ပန် said...

ကြက်သားဟင်းပဲလားဗျ :P

mgngal said...

ပါသေးတယ်လေဗျာ ။ ဟဲဟဲ ။ ဒါပေမယ် ကုန်ပြီဗျ ။ :D
မှတ်ချက်တွေရေးသွားပေးတဲ့ သူငယ်ချင်းတွေရော
ဖတ်ရှုအားပေးသွားတဲ့ သူတွေရော အားလုံးကို ကျေးဇူး
တင်ပါတယ် ခင်ဗျာ ။

knight said...

နွေရာသီဝတ် အင်္ကျီတို့  ချွတ်ချထားတဲ့
အဖြူရောင်ပင်စည်တို့ ရဲ့  ရိုးတံများ
စိတ်ကူးလေးကောင်းတယ်ကွာ..မောင်ငယ်ရာ

Anonymous said...

အရေးအသား အတွေးအခေါ်လေးတွေကြိုက်တယ်ဗျာ။

Anonymous said...

လရောင်အနမ်းခံရင် ကြက်ကင်နဲ့ ထန်းရည် မြိုချခဲ့တယ်ဟုတ် ငါမှန်းရင် လွဲခဲတယ် ။

ကြယ်ပြာ said...

တစ်ပုဒ်လုံးကြိုက်တယ် ... ကောင်းလိုက်တဲ့ကဗျာလေး ..
ဖတ်ရင်းနဲ့ စိတ်ကူးထဲစီးမျောသွားတယ် ...