CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 16 November 2008

"မိနှင့်ဖ သို့ ခွင့်ပန်ခြင်း"

မိကိုလက်ယာ ဖကိုလက်ဝဲ
ပခုံးထက်ဝယ် စဉ်မြဲတင်လျက်
မိ ၊ ဖ ကျေးဇူး ဂုဏ်အထူးကို
အစဉ်ထာဝရ နှလုံးသွင်းလျက်ပါ
အဖေနဲ့ အမေ …. ။

အမေ သားကို သွန်သင်ခဲ့ဖူးတယ်နော်
စကားပုံက ရိုးရိုးလေးပါ သားငယ်
မိုးရွာတုန်း ရေခံတဲ့
ရေခွက်ကြီးကြီနဲ့ ခံမှ ရေများများရမယ်ဆိုတာလေ
သား ဒီလောက်ထိ ဆုပ်ကိုင်ထားနိုင်ခဲ့တာ
အမေ့ ကျယ်ပြန့် တဲ့ မေတ္တာ အမိုးရဲ
တစက်မြိတ်အောက်မှာ ရေခံခဲ့ရလို့ ပါ အမေ … ။

အဖေ့စကား သားရင်တွင်းမှာ
သံမှိုလို ရိုက်သွင်းထားဆဲပါ
ငါ့သား တောတောင်ထဲက
ဆူးပင်တွေက ချွန်လွန်းတဲ့ ဆူးရိုင်းတွေ
မည်သူချွန်ပေးလို့  ချွန်သလဲ ဆိုတာလေ
ဟုတ်တယ် အဖေ ကိုယ်တိုင် ချွန်ခဲ့ကြတာချည်းပဲ
ကိုယ်ထူးဖို့  ကိုယ်တိုင် ချွန်ရမယ်
တစ်နေ့ သားမျှော်မှန်နိုင်သမျှ ဖြစ်ခဲ့ရင်တောင်
အဖေဆိုတဲ့ ရေသောက်မြစ်ကနေ
တင်ပို့ ပေးတဲ့ အားအင်တွေကြောင့်ပါ အဖေ … ။

ရေချိုးပြီးလည်း ချွေးတွေ အရမ်းထွက်တဲ့ အမေ
အနားမှာ သနပ်ခါး သွေးပေးမယ်သူ ရှိရဲ့ လား
သား လစ်ဟာနေပြီလား အမေရယ်
အခွင့်ရှိချင်ပါတယ် … ။

သားနာဖျားတိုင်း ဘုရားစာတွေရွတ်
ဆေးတွေလိမ်းပေးခဲ့တုန်းက
မေတ္တာတွေ လိမ်းပေးလို့  ပျောက်ကင်းမှန်း
သား ကောင်းကောင်းမသိခဲ့ဘူး အမေ
အခုမှ စေ့စေ့တွေးပြီ ရေးရေးသိလာခဲ့ပြီ … ။

အဖေ ဒီတခါ သားနဲ့  အားပြိုင်လှဲရင်လည်း
အရင်လို အရှုံပေးဦးမှာပဲမို့ လား အဖေ
အသက်ကြီးပြီ သားရ ဆိုပြီးတော့လေ
အဖေက သားသမီးတွေကို ထမ်းတင်ခဲ့တာပါ
အခု သားတို့  ပြန်ထမ်းခွင့်ရပြီ အဖေ … ။

ဒီနှစ်ဆောင်းလည်း အရမ်းအေးတယ် အမေ
ဒါပေမယ့် အမေ ပို့ သတဲ့ မေတ္တာကြောင့်
သား နွေးနွေးထွေးထွေး ရှိပါတယ် … ။

အဖေ … သားလျှောက်တဲ့ လမ်းပေါ်မှာ
နှင်းခါးတွေ ကျတာ ပိုပိုထူထဲလာတယ်
သား မျက်နှာဆီကိုပဲ ခပ်ဆတ်ဆတ်
တည့်တည့် လာလာမှန်နေတယ် အဖေ
အဖေ ပို့ ထားပေးတဲ့ ခွန်အားတွေ
သားမှာအများကြီး ရှိနေသေးလို့ 
လျှောက်လှမ်းနိုင်ပါသေးတယ် အဖေ … ။

သတိရတယ် အဖေ နဲ့ အမေ
သားဦးထိပ် ပန်ဆင်တာဆိုလို့ 
ရတနာ သုံးပါးနဲ့  အဖေ နဲ့ အမေရယ်ပဲ
တခမ်းတနား ရှိတာပါ ... ။

သားရဲ့ မနက်ဖြန်တိုင်းအတွတ်
အဖေနဲ့ အမေရဲ့  ခြေစုံထက် ဦးတိုက်ခွင့်ကို
ထာဝရ ပေးသနားပါ အဖေနဲ့ အမေ … ။

မောင်ငယ်

11 comments:

Welcome said...

ကျေးဇူးရှင် အသက်သခင် မွေးမိခင်နဲ့ ဖခင်တို့ရဲ့ ကျေးဇူးတရားကို သိတတ်လွန်းတဲ့ သားအတွက် ကောင်းကျိုးတွေကိုသာ ဆောင်ကျဉ်းပေးမှာ အစဉ်ထာဝရပါ။ ဘေးအန္တရာယ်အသွယ်သွယ် တွေကိုလည်း အလိုလို ရှောင်ကွင်းပြီးသား ဖြစ်နေမှာပါ .. .. လိမ္မာတဲ့ ချစ်သားလေး အတွက်ပါ....
အစဉ်အားပေးလျက်
http://winzaw-mdy.blogspot.com

thihanyein said...

်မိဘမေတ္တာကိုဖော်ကျူးထားတာလေး ကောင်းလိုက်တာညီရာ....မိဘကို သိတတ်တဲ့ညီလေး
ရွှင်လန်းချမ်းမြေ့ပါစေကွာ...

emayarKhin said...

တကယ့်ကိုလက်ရာမြောက်တဲ့
ကဗျာလေးပါ...ဂုဏ်ယူပါတယ်....

သန့်စင် said...

ကောင်းတယ် နယ်သား ရေ အဲ့လိုလုပ်ပါ ...။ အဓိက ကတော့ မိဘ ပေါ့ကွာ ။

ဇနိ said...

ကဗျာလေးက ကောင်းလှချည်လား မောင်ငယ်ရေ။
မဇနိ

အိုင်လွယ်ပန် said...

ကိုယ့်ဆရာက
သတိရသွားအောင်သိပ်လုပ်သကိုး :P

puluque said...

ကဗျာလေးက ကောင်းလွန်းတယ်. ဖေဖေနဲ့ မေမေကို လွမ်းသွားပြီ။

Anonymous said...

မိဘမေတ္တာဖွဲ့ ကဗျာတွေ၊ စာတွေလောက်ရင်ကိုထိတာမရှိဘူး။
ဆက်ရေးဗျာ အားပေးတယ်

Kaung Kin Ko said...

မိဘနဲ့ သားသမီးကြားက မေတ္တာကို ဖော်ကျူးထားတာ လှတယ်။

Anonymous said...

ငါ့သယ်ရင်းက လိမ္မာလိုက်တာ လေးစားတယ် ။

ကြယ်ပြာ said...

အား .... ကဗျာလေးကကောင်းလိုက်တာ ... ကိုယ်ကလဲ အဖေ၊အမေကို သိပ်ချစ်သူမို့လားမသိဘူး ဒီကဗျာကို အပြည့်အ၀ခံစားလို့ရတယ် ... အမေ့ကိုသနပ်ခါးသွေးပေးနေကျလား ...
အဖေနဲ့အမေသာ ဒီကဗျာလေးဖတ်ဖြစ်ရင် တော်တော်ကြည်နူးမယ်နော် ....