CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, 28 December 2008

"အကြည့်"


ညိုမောင်းနက်သန်
ပျံတက်မယ့်အလား မျက်ခုံးတစ်စုံ
ညွှတ်ပြောင်းကော့လန်
ထက်အောက်ဆန့် ထွက် သွယ်လျမျက်တောင်
အိထွေးချောမွတ်
ပုဇွန်ဆီသွေးရောင် မျက်သားဘောင်ကွပ်
ရောင်စဉ်ရွှန်းလဲ့
မျက်ဝန်းနက်နက် တစ်ချက်ကယ်ဝင့်
လည်ပြန်လှည့်ကြည့်လို့  မဆုံးသေးခင်
ကျနော့် အသဲ လန့် ကွဲမတတ်
ရေခဲချပ်များလို ကြွပ်ဆတ်သွားတယ် ... ။

မောင်ငယ်

P.S => သူမ၏ မျက်ဝန်းများက ဒီကဗျာကို ဖန်ဆင်းပါသည်။

Tuesday, 23 December 2008

"ငနာရဲ့  ကဗျာ ယဉ်ကျေးမှု"


ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အသေကောင်လို တွေးငေးပြီး
ကဗျာတွေလည်း တသသ ခဏဏ ပုံသွင်းဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာရေးခြင်းက ပန်းပုထုခြင်းနဲ့ လည်း
ဆင်ဆင်တူတယ်လို့  ခံယူဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
မှောင်နက်မည်းမည်းထဲ ဟိုဒီပျံ့ ကျဲနေတဲ့
စကားလုံးတွေလည်း ကောက်သင်းကောက်ဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရောင်လက်တဲ့ ခင်ဗျားတို့ ရဲ့  စာသားတစ်ချို့ 
ပုခုံးနှစ်ဘက် အထက်နားက အလုံးကြီးထဲမှာ သိုသိုသိပ်သိပ်ရှိရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရည်မှီ ကဗျာတစ်ပုဒ် ဖန်တီးရ ၊ ဖတ်ရတဲ့အခါ
ကျောက်သမား ကျောက်အောင်တာကို လှောင်ချင်ရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာရှိရာနောက် အနှံ့ လျှောက်ယက်
ကြက်အစာကောက်သလို တဒေါက်ဒေါက် နှိုက်စားဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရည်မရ အဖတ်မရ အကြောင်းအရာအတွက်လည်း
ကဗျာကို လက်တစ်လုံးခြား လှည့်ဖြားပြီး မိုက်မှားကျူးလွန်ဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာဈေးကွက် ကြေးတက်ဖို့ လည်း
ရွှေဈေးနဲ့  ဆွေမျိုးစပ်ကြည့်ဖူးသေးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အလေ့ကျ မဟုတ်တဲ့ ရာသီကဗျာတို့ ကိုလည်း
လူပုံအလယ် ဗန်းခင်း တင်သွင်းဖူးရဲ့  ... ။

ဒီငနာ့ ကဗျာများကို စားသုံးမိလို့ 
အဆိပ်သင့်ခဲ့ရင် ၊ အာဟာရ မဖြစ်ခဲ့ရင်
ငနာရဲ့  ညံ့ဖျင်းမှုသာ ဖြစ်ပါသည် ... ။

မောင်ငယ်

Sunday, 21 December 2008

"ထွက်တိုး"


မြေစမ်းတဲ့ သဘောနဲ့ 
ခရမ်း ပျိုးမိတာပါ
ခုတော့ ထိန်းမနိုင် သိမ်းမရ
လှိုင်လှိုင် သီးပွင့်ကြတော့
ငါ့မှာ ရိတ်သိမ်းရခက်
နှုတ်ပစ်ရခက်
လမ်းခုလတ်ကြီးမှာ ... ။

မောင်ငယ်

Friday, 19 December 2008

“ပြာကျသွားတဲ့ သုည”

ရွေးချယ်စရာတွေ များလွန်းတဲ့
ဘ၀ဈေးကွက်ထဲက အမျိုးအမည်များ
ဘာကိုမှ ဆုပ်ကိုင်မထားချင်တော့တာ
အတ္တတွေကို ခွာချလိုက်ခြင်း ဖြစ်သလို
ဝင်သက် ထွက်သက်ကို လျစ်လျူရှုလိုက်ခြင်းလည်း ဖြစ်ရဲ့  … ။

ကျနော် တွေးမိဖူးတယ်
ဒီအတ္တဘောကြီးကို ကိုယ်နဲ့ တစ်သားထဲ
ဆွဲဆွဲကပ်ထားရတာကိုက
ဝန်စည်စလယ်တွေကို ချိတ်ဆွဲထားမိသလိုပဲ … ။

ကျနော်ကိုယ်တိုင်က ကျနော့်ရဲ
ကျေးကျွန်း ဖြစ်မှန်းမသိ ဖြစ်နေပြန်တယ်
ဒီကျေးကျွန်ကိုပဲ တစ်နေ့ တစ်နေ့ 
ပြုစုထိမ်းသိမ်းနေရမှုက
လက်ဝင်တဲ့ လက်မှုပစ္စည်း တစ်ခုကို
ထုလုပ်နေရသူရဲ့  ခံစားမှုမျိုးနဲ့  … ။

တစ်နေ့ ရွှေ တစ်နေ့ ငွေနဲ့ 
အဲဒီနေ့ တွေထဲ လုံးလည်လိုက်ရင်း
လုံးပါးပါးသွားတဲ့ နေ့ မှာ
ကျနော်ရုပ်တုကို ပြာချတဲ့အမှု
ဈာပန အခမ်းအနားတစ်ခုကို
ကျနော်တစ်ယောက်တည်း ကျင်းပချင်တယ် … ။

မောင်ငယ်

Sunday, 14 December 2008

"အတ္တကြောင့် ထက်တဲ့ မာန"


မီးနာနာ ဓားတစ်လက်စီကိုင်
ကျောက်သားပေါ် တင်သွေး
ဓားတွေထက်လာ ကျောက်သားတွေပါးလာ
မတိုက်ဆိုင်တိုင်း ယှဉ်ခုတ်
အသွားတွေ တုံးကုန်မပေါ့
တို့ တွေ ဆာမူရိုင်းတွေမှ မဟုတ်ပဲကွယ် ... ။

မောင်ငယ်

Wednesday, 10 December 2008

"လူဖြစ်ခဲ့ရင်"


အမိဝမ်းက ကျွတ်တာဟာ
ကြိုးဝိုင်းထဲကို ပြုတ်ကျလာတာပဲ လူသား
ပါးစပ်က အူဝဲ ဆိုတာနဲ့ 
အံကပ် အသင့်တပ်ပြီး ဖြစ်တယ် ... ။

ရေသန့် စင်လိုက်ခြင်းကလည်း
ပကိတိဖြူစင်ခြင်း ၀တ်ရုံလွှာခွာချလိုက်ခြင်း ဖြစ်သလို
ပြန်ချွတ်မရနိုင်တဲ့ အညစ်အကြေးတွေ
စတင်လိမ်းကျံဖို့  အသင့်ပြင်လိုက်တာလည်းဖြစ်ရဲ့  ... ။

ခဏချင်းပဲ
အချိန်ရဲ့  အရေးပါမှုကို
မောင်းထုသံ အဆုံးမှာ သိခွင့်ရမယ်
လက်မနှေးနဲ့  လူသား
ကွင်းအဖွင့်မှာ ပင့်လက်သီး တစ်လုံး
အရှိန်ပြင်းပြင်းနဲ့  လာကမ်းလိမ့်မယ်
မရှောင်နိုင်ရင်တော့ လက်ခံလိုက်
ခဏတော့ ဒယိမ်းဒယိုင်ပေါ့
လဲကျတော့ မသွားစေနဲ့  ... ။

အပြာထောင့် အနီထောင့်
နှစ်သက်ရာ လက်ကိုင်ပြုပါ
ကျန်နှစ်ထောင့်မှာလည်း ရပ်တည်ခွင့်ရှိတယ်
ဒီကြိုးဝိုင်းမှာက ရွေးချယ်ခွင့်တော့ အများသား ... ။

လက်ဖျောက်ထိုးသံ လက်ခုပ်တီးသံ
ဆော်သြသံ ဆဲဆိုသံ စုံလင်မှုဟာ
အားပေးမှု ဆိုပေမယ့်
လောင်းကြေးသေချာဖို့ ကိုလည်း ရှေးရှုတယ် ... ။

ယှဉ်ပြိုင်မှုကိုပဲ နှလုံးသွင်းထား
အနှိုင်အရှုံး ဆိုတာက
ဘ၀ရဲ့  ပင်ကိုစရိုက် ... ။

ဂရုမစိုက်နဲ့  ဆက်တိုက် ဆက်တိုက်
စိန်ခေါ်မှုတွေကို လက်ခံလိုက်
ထုသားပေသား ကျလာရင်
လိုရာပုံသွင်းလို့  ရရဲ့  ... ။

ဘ၀မှာ အသစ်အသစ်တွေ ဟောင်းခြင်းနဲ့ 
အဟောင်းအဟောင်းတွေ ပြန်သစ်ခြင်းကို
နားလည်ခဲ့ရင် အားလုံးက တင့်တယ်နေလိမ့်မယ် ... ။

ခြေစလှမ်းတိုင်း အဝေးဆုံးကို လှမ်းကြည့်ပြီး
အနီးမှာရှိသည်များကို ဂရုစိုက်တန်ဖိုးထားလိုက်
ဒါဆို ခလုတ်တိုက် လဲခဲတယ် ... ။

စူးစမ်းမှုနဲ့  လျစ်လျူရှုမှုကို
အကွက်မှန်အောင် ရွေ့ နိုင်ရင်
လူပေါ်က လူဇော်ဖြစ်ပြီ လူသား ... ။

မောင်ငယ်

Friday, 5 December 2008

"သိနှင့်ပြီးသော အပ်ကြောင်းများ"


အချစ်ဆိုတာ
ကလေးများ မကစားတတ်တဲ့အရာဖြစ်တဲ့အတွက်
လူရွယ်တစ်ယောက်ပီပီ ရိုရိုသေသေ ကိုင်တွယ်ပါ ... ။

မေတ္တာဆိုတာ ရေခံမြေခံကောင်းမှ
ပေါက်ရောက်ရှင်သန်နိုင်တဲ့ အတွက်
ရင်မြေထိန်းသိမ်းမှုနဲ့  စီးဆင်းမှုကို
အထူး ဂရုစိုက်ပါ ... ။

အကြင်နာတရားဆိုတာ
သက်ရှိအားလုံးအတွက် နေ့ သင့်နံသင့်လည်း ဖြစ်ရဲ့ 
နှလုံးသားမှ အဓမ္မ နှင်ထုတ်ခြင်းခံရတဲ့
အနူးညံ့ဆုံးသော အမိန့် လည်းဖြစ်တယ်
ဒါကြောင့် အခါအခွင့်သင့်တိုင်း ခွင့်ပြုပါ ... ။

သံယောဇဉ်ဆိုတာ
သေးငယ်သိမ်နုပ်လွန်းတဲ့ ပိုးမျှင်တွေကို
အထပ်ထပ် အဖက်ဖက်မှ ယက်လုပ်ထားတဲ့
အကောင်အထည် မပေါ်တဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်တယ် ... ။

အမုန်းဆိုတာက ကိုယ့်အတွက်တော့
ရင်ကို ၀ုန်းဒိုင်ကျဲစေမယ့်
နေပူ ၊ လေပူကို ဖြတ်သန်းစီးဆင်းလာတဲ့
ရေပူလှိုင်း တစ်ခုပါကွယ် ... ။

စုဆောင်းမိထားတဲ့ အချစ်တွေကိုပဲ
အလေအလွင့် မရှိရအောင် စောင့်ရှောက်ပါ
ဆထက်တပိုး တိုးပွားအောင် ကြံဆောင်ပါ
အဓွန့် ရှည် တည်တံ့နေမှာပါ ချစ်သူ ... ။

မောင်ငယ်

Sunday, 30 November 2008

"အတွင်းဒဏ်"


ဗီတာမင်ဓာတ် အေကနေဇက်
အတွဲလိုက်ဖောက် ပက်ပက်စက်စက်သောက်လည်း
မပျောက်တော့တဲ့ ဒီရောဂါ
သေရာပါပြီ ထင်ပါရဲ့ 
ဘယ်အညိုးနဲ့ များ ရက်စက်လိုက်တာလဲ
ကိုယ့်ရဲ့  ဗီတာမင်လေးရယ် ... ။

မောင်ငယ်

P.S=>သိုင်းကျမ်းထဲမှာ အဆိပ်ကို အဆိပ်နဲ့  ဖြေရတယ် ဆိုလို့ ပါ ။ :P

Monday, 24 November 2008

“ရက်စက်သော နှင်း”

ကျနော်လေ…. တစ်နွေလုံး
အချိန်ရှိသ၍ သူမကိုပဲ
ကျောပြားကြီး ဆန့် ခင်းပြီး
မ၀တမ်း ငေးကြည့်နေခဲ့တာ
နေ့ ဆိုလည်း နေ အလင်းနဲ့ 
သူမ မျက်နှာပြင်ပေါ်က တိမ်တိုက်တို့ 
ရွေ့ လျားပြောင်းလဲခြင်းများ မညီးနိုင်အောင်
ညဆိုလည်း ကြယ်လ အလင်းနဲ့ 
ရှိနေသေးတဲ့ အသိ
အငွေ့ အသက်လေးတော့
ရေးရေးရနိုင်ခဲ့ သေးတယ် … ။

ဒီရာသီမှာ အဆင်မပြေမှုများ
သူမနဲ့ ကျနော်ကြား
အခါခပ်သိမ်း စိမ်းလန်းတယ်
ကလေးတစ်ယောက်လို ထစ်ချုန်း
တစ်ပြင်လုံး အုံ့ မှိုင်းလာ
လေနီရိုင်းနဲ့ လည်း ၀င်ရမ်းတယ်
ပြီးရင် မစဲတမ်း မျက်ရည်တွေ သွန်ချတော့တာ
တကယ်ဆို ကျနော်လည်း စိုစွတ်နေခဲ့တာပဲလေ … ။

တို့ နှစ်ယောက်ကြား အေးစက်လာခဲ့ပြီ
ကျနော် အကြောက်ဆုံး ကာလများပဲပေါ့
ဆိုက်ကပ်လာစဉ် အစတော့ နေသာရဲ
အစဉ်သဖြင့် မထွန်းလင်းနိုင်တော့တဲ့ နေ
မြူလွှမ်းခြုံ ခံလိုက်ရတဲ့ ကြယ်နဲ့ လ
ကျနော့် နေ့  ညတွေ ကြမ်းရှလာခဲ့ပြီ
သူမကို မမြင်တွေ့ ရတော့တဲ့ နေ့ ဟာ
ကျနော် ရေခဲရိုက်ခံလိုက်ရတဲ့ နေ့ ပဲ
ဒီနေ့  … ဒီနေ့ မှာ
တနေ့ လုံး ခါတိုင်းထက် အချမ်းပိုနေတယ်
အရင်နေ့ တွေလို
သူမကို ကျနော် မသဲကွဲလိုက်တဲ့ ညချမ်းမှာပဲ
အနူးညံ့ဆုံး နှင်းခါးတို့ လွင့်ဝဲကျလာ
တကယ်ကို ဖြေးဖြေးလေးပါ
နှင်းပုဝါတစ်ထည် ဖုံးအုပ်ခံလိုက်ရတဲ့နောက်
ကျနော် မှောင်အတိကျသွားတယ် ... ။

ရှည်ကြာလွန်းလိုက်တာ ဆောင်းရယ် … ။

မောင်ငယ်

P.S => ကျနော် အခန်းရှေ့ က မြေကွက်လပ်လေး နေရာမှ ခံစားရေးဖွဲ့ 
ထားခြင်းသာ ဖြစ်ပါသည်။

Thursday, 20 November 2008

“ထည်လဲ”

အနာအဆာကင်းတဲ့  ရင်တွင်းဖြစ်လေးပါ
တစ်သက်စာ စီးနင်းဖို့  ချခင်းပေး
အရောင်ပြယ်လာရုံလေးနဲ့  စွန့် ပစ်
ရင်ကွင်းပြင်မှာ လေလွင့်ကျန်ခဲ့တာ
အသဲနှလုံး အစုတ်တစ်ရံရယ်ပါ ‘မ’ ရယ် … ။

မောင်ငယ်

Sunday, 16 November 2008

"မိနှင့်ဖ သို့ ခွင့်ပန်ခြင်း"

မိကိုလက်ယာ ဖကိုလက်ဝဲ
ပခုံးထက်ဝယ် စဉ်မြဲတင်လျက်
မိ ၊ ဖ ကျေးဇူး ဂုဏ်အထူးကို
အစဉ်ထာဝရ နှလုံးသွင်းလျက်ပါ
အဖေနဲ့ အမေ …. ။

အမေ သားကို သွန်သင်ခဲ့ဖူးတယ်နော်
စကားပုံက ရိုးရိုးလေးပါ သားငယ်
မိုးရွာတုန်း ရေခံတဲ့
ရေခွက်ကြီးကြီနဲ့ ခံမှ ရေများများရမယ်ဆိုတာလေ
သား ဒီလောက်ထိ ဆုပ်ကိုင်ထားနိုင်ခဲ့တာ
အမေ့ ကျယ်ပြန့် တဲ့ မေတ္တာ အမိုးရဲ
တစက်မြိတ်အောက်မှာ ရေခံခဲ့ရလို့ ပါ အမေ … ။

အဖေ့စကား သားရင်တွင်းမှာ
သံမှိုလို ရိုက်သွင်းထားဆဲပါ
ငါ့သား တောတောင်ထဲက
ဆူးပင်တွေက ချွန်လွန်းတဲ့ ဆူးရိုင်းတွေ
မည်သူချွန်ပေးလို့  ချွန်သလဲ ဆိုတာလေ
ဟုတ်တယ် အဖေ ကိုယ်တိုင် ချွန်ခဲ့ကြတာချည်းပဲ
ကိုယ်ထူးဖို့  ကိုယ်တိုင် ချွန်ရမယ်
တစ်နေ့ သားမျှော်မှန်နိုင်သမျှ ဖြစ်ခဲ့ရင်တောင်
အဖေဆိုတဲ့ ရေသောက်မြစ်ကနေ
တင်ပို့ ပေးတဲ့ အားအင်တွေကြောင့်ပါ အဖေ … ။

ရေချိုးပြီးလည်း ချွေးတွေ အရမ်းထွက်တဲ့ အမေ
အနားမှာ သနပ်ခါး သွေးပေးမယ်သူ ရှိရဲ့ လား
သား လစ်ဟာနေပြီလား အမေရယ်
အခွင့်ရှိချင်ပါတယ် … ။

သားနာဖျားတိုင်း ဘုရားစာတွေရွတ်
ဆေးတွေလိမ်းပေးခဲ့တုန်းက
မေတ္တာတွေ လိမ်းပေးလို့  ပျောက်ကင်းမှန်း
သား ကောင်းကောင်းမသိခဲ့ဘူး အမေ
အခုမှ စေ့စေ့တွေးပြီ ရေးရေးသိလာခဲ့ပြီ … ။

အဖေ ဒီတခါ သားနဲ့  အားပြိုင်လှဲရင်လည်း
အရင်လို အရှုံပေးဦးမှာပဲမို့ လား အဖေ
အသက်ကြီးပြီ သားရ ဆိုပြီးတော့လေ
အဖေက သားသမီးတွေကို ထမ်းတင်ခဲ့တာပါ
အခု သားတို့  ပြန်ထမ်းခွင့်ရပြီ အဖေ … ။

ဒီနှစ်ဆောင်းလည်း အရမ်းအေးတယ် အမေ
ဒါပေမယ့် အမေ ပို့ သတဲ့ မေတ္တာကြောင့်
သား နွေးနွေးထွေးထွေး ရှိပါတယ် … ။

အဖေ … သားလျှောက်တဲ့ လမ်းပေါ်မှာ
နှင်းခါးတွေ ကျတာ ပိုပိုထူထဲလာတယ်
သား မျက်နှာဆီကိုပဲ ခပ်ဆတ်ဆတ်
တည့်တည့် လာလာမှန်နေတယ် အဖေ
အဖေ ပို့ ထားပေးတဲ့ ခွန်အားတွေ
သားမှာအများကြီး ရှိနေသေးလို့ 
လျှောက်လှမ်းနိုင်ပါသေးတယ် အဖေ … ။

သတိရတယ် အဖေ နဲ့ အမေ
သားဦးထိပ် ပန်ဆင်တာဆိုလို့ 
ရတနာ သုံးပါးနဲ့  အဖေ နဲ့ အမေရယ်ပဲ
တခမ်းတနား ရှိတာပါ ... ။

သားရဲ့ မနက်ဖြန်တိုင်းအတွတ်
အဖေနဲ့ အမေရဲ့  ခြေစုံထက် ဦးတိုက်ခွင့်ကို
ထာဝရ ပေးသနားပါ အဖေနဲ့ အမေ … ။

မောင်ငယ်

Wednesday, 12 November 2008

"လပြည့်ည ..... ဒါဟာ လပြည့်ည"


ကျနော့် ပါးပြင်ထက်
မှိန်ပြပြ အလင်းတန်းတစ်စက် ရှပ်တိုက်သွား
မသိခြင်း တစ်ဝက်နဲ့  လန့် နိုး
သြော် .... လရောင်က ခိုးနမ်းသွားတာကိုး ... ။

အမှောင်ထဲမှာ အလင်းနုနု
အေးမြမှုနဲ့  ရှုလို့ မ၀ဘူး
ဒီမှာကြ ဒါကိုက ရတောင့်ရခဲ ဆုတစ်ခုလိုပဲ ... ။

ကျနော်နဲ့  သူမကြား
ကြားခံနယ် ရုပ်ဝတ္ထုတို့ နဲ့ 
ပနံရနေမှုက နှိုင်းတုလို့ မရလောက်အောင် ... ။

အပူပေးထားတဲ့ အခန်းထဲက လေနွေးနွေး
ဆောင်းဦးဒဏ်ကို ကျားကန်ပေးနေဆဲ ... ။

ရေမှုန်ရေစက်တို့ ခြောက်ကပ် အကွက်ထနေတဲ့
ပြတင်းတံခါး မှန်နံရံတစ်ချပ်
မတ်တတ်ရပ်ရင်း အညောင်းမိနေပြီ ... ။

သုညနားကပ်နေတဲ့ အပြင်ဘက်ကလေ
ပုံမှန်ချိန်ထက်ပိုလူး လရောင်ကြောင့်
မြူးနေလေရဲ့  ... ။

နွေရာသီဝတ် အင်္ကျီတို့  ချွတ်ချထားတဲ့
အဖြူရောင်ပင်စည်တို့ ရဲ့  ရိုးတံများ
ကောင်းကင်ကြီးကို သူပဲ ပင့်မထားသလိုလို ... ။

အမြဲစိမ်းတဲ့ ထင်းရူးပင်တောတန်းငယ်လေး
သူ့ လက်တန်များ အောက်ဘက်ကိုပဲ ဖြန့် ကား
စိတ်ဓာတ်ကျနေလေသလား မသိ ... ။

တိမ်ထုနဲ့  ကြယ်စုတို့  ရန်သတ်ပြီး
စောစောအိပ်တန်း တက်ကြလို့ 
ဒီည သူမ အာကာယံကို အပိုင်စားရတယ် ... ။

အစွမ်းရှိသလောက် အလျားလိုက် ထွန်းလင်း
ဒါကြောင့်လည်း ကျနော့် အခန်းတွင်းထိ
ချင်းနင်းဝင်ရောက်လာခဲ့တာပေါ့ ... ။

ဒါနဲ့  စကားမစပ်
ဒီည အမိမြေမှာဆို အဖော်တစ်သင်းနဲ့ 
ကြက်သားကာလသားဟင်း ပူပူနွေးနွေးကို
လရောင်အနမ်းခံရင်း........................။

မောင်ငယ်

Monday, 10 November 2008

“စစ်ကြေညာချက်”

အလေးချိန်ပမာဏ ၁၅၀၀ တန်(tons)ရှိ
ချစ်ခြင်း အစိုင်အခဲတို့ ကို
အလင်းအလျင် နှစ်စနှုန်းဖြင့် ပေါက်ကွဲစေနိုင်သော
အချစ်မြူဗုံး တစ်လုံးအား 19:18 , 14.2.2009 တွင်
သူမ၏ နှလုံးသားရပ်ဝန်း၌ ကျဲချမည် ဖြစ်ကြောင်း
ကြိုတင် အသိပေးအပ်ပါသည် … ။

မောင်ငယ် (ခ) အိုင်းစငယ်

Thursday, 6 November 2008

“လည်ပြန်မိုး”

့အပူချိန်ပြင်းတဲ့ ဝေးကွာခြင်းကြောင့်
အခုတလော သိသိသာသာ
မင်းဘက်က အချစ်တွေ အငွေ့ ပျံတာ
တံလှပ်လှိုင်းတွေတောင် ထလို့ 
ဥပေက္ခာ မိုးသားတွေပဲ
ထူထဲလာ ညိုမဲလာ
ငါ့အပေါ် အရိပ်တစ်ခုလို မိုးလာ
ဒီလူမှာ အတွေးတစ်ဖက်နဲ့  သွေးပျက်နေပြီ
ငါ့ဘက်က လေနုအေးတွေ ဆောင်ကျဉ်းပေးပါ့မယ်
အချစ်မိုးအနေနဲ့  ပြန်တော့ရွာချပေးပါ
အရင်လို ရွဲရွဲစိုပါရစေ ချစ်သူရယ် … ။

မောင်ငယ်

“လရောင်အောက်က မိုး”

့လေမတိုက်တဲ့ ည
တိမ်အခင်း အကျင်း လှတဲ့ ည
ကြယ်ရောင် မစုံတဲ့ ည
မင်းနဲ့ ကိုယ်နဲ့ ပဲ ရှိတဲ့ ည
အစိမ်းရောင် ပိုစုန်းကြူးတွေ မြူးတဲ့ ည
မင်းကြောင့် မိုးတွေရွာခဲ့ရတဲ့ ငါ့ ည … ။

မမြင်စေချင်လို့ တိမ်ယံကြား
ရှောင်ခွာအဝေး ပြေးပြေးပုန်းတဲ့
လလေး ကိုမှ ငါကလည်း
မြင်ချင်လွန်းလှချည့်ရဲ့  ဆိုပြီး
မရမက တိမ်တွေကိုခွာချ
လှည်းကျင်းရ သိမ်းကြုံးရနဲ့ 
ခပ်ပွပွ ငါ့အိတ်ကပ်တောင်
တဒိတဒိ စုမိဆောင်းမိလာပြီ … ။

လိုက်မိလို့ ဝေးတာလား
ဝေးနေလို့ လိုက်မိတာလား
မသဲကွဲသေးခင် နောက်တစ်ခေါက်
ထပ်ပျောက်ဆုံး သွားပြန်တယ် … ။

ထိုးသိပ်ထည့်လိုက်တုန်းကတော့
အဖြူထည် တိမ်ချပ်များပဲ
နောက်မှ အရောင်တွေပြောင်း
ဘာအကြောင်းကြောင်း ကြောင့်လဲ
ည.. ည အေးစက်လာလိုက်တာ
ငွေ့ ရည်ဖွဲ့ လို့  ၀ပြီးမှတော့
ဒီည မိုးရွာချမှ ဖြစ်တော့မယ် … ။

မောင်ငယ်

P.S ~ ကျနော့် အခန်းငယ်ထဲမှာ အချိန် အခါမဟုတ် မိုးတွေ ရွာရွာနေတယ်ဗျာ...။

Saturday, 1 November 2008

"တစ္ဆေတစ်ကောင်ရဲ့  အန်ဖတ် "


ကျုပ်ကြားနာ ကျင့်သုံးနေတဲ့
စာသားအချို့  ချရေးပြမယ်
"တိုးတက်မှုက ဝေဖန်မှုကို
သုံးသပ်ပိုင်းခြားပြီး ပြင်ဆင်အားထုတ်မှုနဲ့ 
တိုက်ရိုက် အချိုးကျတယ်" ဆိုတာပဲ...။

ခင်ဗျားတို့  ထင်တာမြင်တာအစ
ကြားတာ သိတာ ၊ ထမင်းစားသတင်းအဆုံး
ကျုပ်ရှေ့မှာဖြန့် ခင်းချလိုက် ... ။

ရှောင်ရန်အကျင့်ဆိုး ထုပ်ပိုးပြီး
သမုဒ္ဓရာ ကြမ်းခင်ထိ
ကျုပ်ဆင်းပြီး မြုပ်မယ် ... ။

ဆောင်ရန် အချက်အလက်မျိုး
အကိုးအကားနဲ့  ချပြရှင်းလင်း
ကျုပ်ရင်တွင်းရောက်အောင် ထည့်မယ် ... ။

ခပ်ပွပွ ၀မ်းစာသတင်းလောက်နဲ့ တော့
ကျုပ်ရင်တွင်းရောက်ဖို့  မပြောနဲ့ 
ခြေရင်းတောင် ကပ်မှာ မဟုတ်ဘူး
အကွင်းလိုက် အကွင်းလိုက် လှီးပြီး
အိမ်တိုင်ရာရောက် ပြန်ပို့ ပစ်မယ် ... ။

သွေးမထိုးနဲ့  ကြိုးမကိုင်နဲ့ 
ကိုယ်တန်ဖိုးနဲ့  ကိုယ်နေ
ခင်ဗျားတို့  ဆွယ်တရား ဟောတဲ့နောက်
ကျုပ် ကောက်ကောက်ပါအောင် လိုက်မိရင်
ကျုပ်ဦးခွံ ကျုပ်ကိုယ်တိုင်လှန်
ဦးနှောက်ကို အစိမ်းလိုက်
ခလောက်ထုတ် ပစ်မယ် ... ။

ကျုပ် သူ့ ( ပြည်သူ့ )ဆန်စား ရဲတယ်
ကြိုးဆွဲခံ လူတစ်ယောက်ကို ကျောထောက်ပေးသူရဲ့ 
ဆန်စားနေတဲ့ ခင်ဗျားတို့ အတွက်တော့
ကျုပ် ကွင်းစ ကွင်းပိတ် လုံးဝ ( လုံးဝ ) မရဲနိုင်ဘူး
ခင်ဗျားတို့ ကို ကျုပ်လူမျိုးစားရင်းကနေ
သေခန်းဖြတ် ထုတ်ပယ်တယ် ... ။

ခင်ဗျားရေးချလိုက်တဲ့ စာသား
ကျုပ်ခေါင်းပြားစေချင်လို့  ဆိုရင်တော့
အားရပါးရ ရေးတာချလိုက်ပါ
ဒီနေရာမှာက တံခါးတွေ ဂျက်ဖြုတ်ထားတာပဲ
တခါတခါ မြောင်းပုတ်နံ့ ရတာက လွဲလို့ ပေါ့ ... ။

လက်လွတ်စပယ် ၀ါးလုံးသိမ်း
ပုတ်ခတ်မှုများ
ရပ်တန်းကရပ်ပါ
ကျုပ်ခြုံထားတဲ့ ခန္တီပါရမီ က
သိပ်မထူလို့ ပါ
ဒါကြောင့် ကျုပ်နာတယ် ... ။

ကျုပ်သဘောကလည်း ရာဘာရောထားလေတော့
ပြန်ကန်အား နှစ်ဆနဲ့  တုံ့ ပြန်တတ်တယ်
ခပ်ဆတ်ဆတ်တော့ လွင့်ထွက်မလာနဲ့ 
ကြယ်တွေ လတွေက နေ့ မှာလည်း မြင်ရတတ်တယ် ... ။

နင်ပဲ ငါစ ပြောရမှ
ခင်ဗျား စားဝင်အိပ်ပျော်တယ် ဆိုရင်
ကျုပ်ကိုပဲ ၀ိုင်းဆဲကြတော့
ဒါက တချို့ သော ခင်ဗျားတို့ ရဲ့  ယဉ်ကျေးမှုပေပဲ
ကလေးအထာနဲ့  လူကြီးလေးတွေကို
ကျုပ် ယဉ်ကျေးစွာနဲ့ ပဲ လေးစားပါ့မယ် ... ။

လေယူရာတိမ်း သံယောင်မှိန်းလိုက်တဲ့
ကြားနေ၀ါဒ ကျုပ်ပယ်ချတယ်
ကိုယ့်ဘ၀မှာ ကိုယ်သာသခင် ကိုယ်သာဘုရင်
အပီအပြင် ရွေးချယ်ခွင့် လက်ဝယ်ရပြီးသား
ကိုယ့်သမိုင်းကို ကိုယ် ကြိုက်တဲ့ မင်ရောင်နဲ့  ရေးပါ ... ။

သူ့ ဘက် ကိုယ့်ဘက် ခဏလောက် ၀င်တွေးပြီး
အပြုစိတ်နဲ့  မြင်အောင်ကြည့်
ခင်ဗျား ကျင့်သုံးတဲ့ နီတိ ပိုအဆင့်ရှိလာလိမ့်မယ် ... ။

ဦးခေါင်းတိုင် ဦးခေါင်းတိုင်း
အကန့် ကြီး နှစ်ကန့် ရှိတယ်
တစ်ဖက်နဲ့ တစ်ဖက် မျှတအောင်ထည့်
သိပ်တစ်ဖက်စောင်းနင်း မကျစေနဲ့ 
ခင်ဗျားဦးခေါင်းကြီး စောင်းသွားမယ်
ခေါင်းစောင်းရင် အမြင်လည်းစောင်းတတ်တာ
ခင်ဗျားအသိ ကျုပ်အသိ အားလုံးအသိ ... ။

ထွေထွေထူးထူးတော့ မရှိပါဘူး
ခင်ဗျားဖြစ်နေတာနဲ့  ကျုပ်ဖြစ်စေချင်တာ
ညှိယူလို့ မရ ဆန့် ကျင်နေရင်တော့လည်း
ရွှေပြည်အေးတရား မဟောကြားတော့ဘူး
ကျေးဇူးပြုပြီး ကျုပ်ကို လူ့ ခွစာ လို့  ခေါ်ပါ ... ။

မောင်ငယ်

Tuesday, 28 October 2008

“ကကြိုးစုံတဲ့ ည”


ပြိုးပြိုးပြက်ပြက် ရောင်စုံလက်တဲ့
ဒီညအခန်းထဲ မရောက်ခင်ကတည်းက
ဖိတ်စင်ကျလာတဲ့ အနံ့ အသက်
နောက်ထပ် မိတ်ဆက်မိပြန်ပြီ … ။

အစပိုင်းတော့ ခပ်စိမ်းစိမ်းပဲ
ရောင်စုံဝတ်လေးတွေ လွင့်ကျလာတော့
ကိုယ်ပါ အခု ထ ကရတော့မလိုလို
ခဏတော့ ထိန်းဦးမှ
အထာက သိပ်မကျသေးဘူး
ဖောက်!!! အဆိပ်ပျော့ပျော့ ရောစပ်တဲ့
ရွှေရည်ကြည် တစ်ကြိုက်လောက် မျောချ
စောနကထက်တော့ ယိမ်းလာပြီ … ။

စည်းချက်မကျတဲ့ သံစဉ်ကလည်း
အမိုးပွင့်မတတ် ညံပွက်လွင့်ထွက်နေ
ဟေ့ DJ လူနားမလည်တဲ့ (ကျနော် နားမလည်တဲ့)
တေးသွားတစ်ပုဒ်လောက်ချ ထ ကတော့မလို့  … ။

ခြေချစရာရ ရှိတ်လို့ ရပြီ
ခန္ဓာကိုယ်ပဲ ယိမ်း ဖန်ခွက်တော့ မတိမ်းစေနဲ့ 
နှုတ်ခမ်းတွေပိတ် စကားသံတိတ်ထား
မျက်လုံးတွေပဲ ကစားကြ ၊ မျှားကြ
ဒီလိုမှလည်း သံစဉ်ကို အပြည့်အဝ
နားစည်က ကြားရမှာပေါ့ … ။

C’on girl !! လက်ပွေ့ အိတ်ကိုချ
စိတ်ရှိသလိုသာ ၀င်ကလိုက်ပါ
ဒါက သန်းခေါင်ကျော်မှ စတဲ့
ကိုယ်လက်လှုပ်ရှား အားကစားလေ … ။

ကိုယ့်ကကွက်နဲ့  ကိုယ်တိမ်း
မညီမှလည်း ကုလားယိမ်းနဲ့  မတူမှာ … ။

အချိန်တွေ အရည်ပျော်လာတာနဲ့  အမျှ
ညကပါ အရုဏ်တက်ဖို့  ယိမ်းလာပြီ
ကိုယ့်ကိုကိုယ် ထိန်း ယိမ်းတာကိုရပ်
လွတ်ချထားတဲ့ စိတ်ကိုပြန်ကောက်
ပီကေဖောက်ရင်း လာလမ်းအတိုင်း ပြန်လျှောက်
ဒါတောင် အသံတွေ နောက်က လိုက်လာလိုက်သေး … ။

မောင်ငယ်

Saturday, 25 October 2008

"မူပိုင်ခွင့်"


ကျနော့်ရင်ထဲ သူမရောက်လာတာကို
အရိုးသားဆုံး သိအောင်ပြောပြဖို့ 
ရှေးရိုးသုံး ချစ်တယ် ဆိုတဲ့စကားလုံးနဲ့ 
ခုတုံးလုပ် သုံးစွဲခွင့် မရချင်ဘူး
ဒီ့ထက်နက်နဲ တဲ့ စကားလုံး
အဘိဓါန်မှာ ရှာဖွေလို့ ကောင်းတုန်း …။

နွေရဲ့ ပင်အိုက ဝေ့၀ဲကျနေတဲ့
ရွေအိုရောင် ကြွေရွက်များလိုပ
တစ်ဖတ်ပြီး တစ်ဖတ် ဆင်းသက်လာကြ
ရင် ရင်ပြင်ထက် အထပ်လိုက် အထပ်လိုက်
သတိရ …..တမ်းတ…..အိပ်မက်…..လွမ်းဆွတ်မှု ….
ကဗျာ ….. ပုံရိပ် ….. ၀န်တိုမှု….. နှစ်လိုမှု …….
အချစ်ရဲ့ နောက်တော်ပါးဆိုတာ
သူတို့ များလား………..။

မြင်ခဲ့ဖူးတဲ့ ဖားဖိုတစ်လုံးလို
နိမ့်လိုက် မြင့်လိုက်နဲ့  ကျနော့်ရင်ဘတ်
စကားလုံးတွေ လျှံထွက်ဖို့ 
ဆန်တက်လာကြ ဆူပွက်လာကြ…..။

အခုမှ ကဗျာက စတာပါ….။

အချစ်နဲ့  ပရောပရီ နေထိုင်ခွင့်
ကဗျာတွေနဲ့ အတူ အိပ်စက်ခွင့်
အလွမ်းတွေ ခေါင်းအုံးလို့  အိပ်မက်ကို ဖက်တွယ်ခွင့်
ထိုထိုအခွင့်များ ခွင့်ပြုပြီးတဲ့နောက်
တစ်နှစ်တစ်ခေါက် သက်တမ်းတိုးခွင့်ပြုပါ…။

နှလုံးသားနံရံရဲ့  အတွင်းဘက်
ချစ်သူ့ ကောက်ကြောင်းများ ခဲခြစ်
တစ်ဆင့်ထပ်ပြီး စောဒကတက်မယ်
သေရာပါ တက်တူး အချစ်ဆူးနဲ့ 
ပုံတူ ကိုယ်တိုင်ရေးထိုးခွင့် ထပ်ပြုပါ…။

ဖူးရွနေတဲ့ ကဗျာနုနုလှလှ တစ်ပုဒ်
ယုယုယယ ဆက်သပြီးတဲ့နောက်
နဖူးပြင်ထက်ဝယ် အနမ်းတစ်ပွင့်
ခပ်ဖွဖွ ခြွေချခွင့်လည်း ပြုစေချင်ပါတယ်…။

ယောင်္ကျားတစ်ယောက်ရဲ့  မူပိုင်ဖြစ်လိုမှု
ဝန်တိုမှုလို့ လည်း ခေါ်ဖို့  အခွင့်ရှိတယ်….။

မောင်ငယ်

Wednesday, 22 October 2008

"မလွမ်းဆေး"


ကျနော့်နာမည် ဒေါက်တာ လွမ်းကု
ကိုယ့်လွမ်းနာကိုယ် ရမ်းသမ်းကု
အလွမ်းရောဂါအတွက် ဆေးစာရွက်
အလွမ်းတွေနဲ့ ရေးချလိုက်တာ
အလွမ်းရောင် ပဲပင်ပေါက်တို့ တောင်
တွန့် လိမ်ကောက်ကွေး လွမ်းဆွေးနေမှတော့
လွမ်းလောက်တာပေါ့ အရပ်ကတို့ ရယ် ... ။

မောင်ငယ်

P.S ~ နောင်တော် ဘလော့ဂ္ဂါများ ဖြစ်ကြသော ကိုလွမ်းသုခကိုလွမ်းလုင်
ကိုအလွမ်းရောင်
ကိုလွမ်းစေတို့ ကိုပေးဖတ်လိုက်ပါ ... ။ :P

Saturday, 18 October 2008

“မျက်တော်ပြေ”


ထားရာနေ စေရာသွား
နတ်ဖုရားမထံပါး အခစားဝင်
အမျက်တော် ကျေစေကြောင်း
စကားလုံးကောင်းများ ရှာဖွေ
အခါခါ သံတော်ဆင့်
ပြန်တမ်းတို့ လွင့်မလာတဲ့အရပ်မှာ
အခွင့်ကို မျှော်လင့်နေကြောင်းပါ သခင်...။

ပြန်စဉ်းစားပါဦး သခင်
သခင့်အလိုကျ နေပြခဲ့တာလည်း
ရင်တွင်းက မာနတို့  ပါးလျကုန်ပြီ
သခင်တောင်းခဲ့ဖူးသော ကတိ အထပ်ထပ်
သစ္စာရှိစွာ စောင့်သိနေလျက်ပါ
ဖောက်ဖျက်ရန်ရှိက အကျွန့်  အသက်
အလဲအထပ် ပြုပါတယ် သခင်...။

လူပင်မို့  ကြွမိတဲ့ အတ္တ
အခါမသင့်တဲ့ ခဏ
ထာဝရမှ မဟုတ်တာပဲ သခင်
အမျက်တော် မာန်ရှ
ထာဝရဆိုလျှင်ဖြင့် အကျွန့် ရင်ဘတ်
နုတ်နုတ်တာ စင်းပါတော့
အသည်းနှလုံးကို စဉ်းနှီးတုံးလုပ်
သင့်သလိုသာ သုံးပါတော့ သခင်...။

သခင်.. ဥပေက္ခာ ရှေ့ ထား
အကျွန့် ရင်ဝယ်တွင်း နေဆယ်စင်းမျှ
ပူလောင်ခြင်း ဗျာပါဒ
တစ်စ တစ်စ ထကြွနေတာ
သခင် မသိလေရော့သလား
နေနိုင်ရက်အား လွန်လွန်းလှပါတယ်
လှည့်မကြည့်ချင်လည်း ငဲ့ကြည့်ဖို့ 
ရွှေမျက်နှာတော် တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့  ငြိမ်းအေးရပါပြီ သခင်…။

မောင်ငယ်

Friday, 17 October 2008

"အချစ်ဆိုရာဝယ်"


လူသားတို့  ဖြစ်တည်မှုနဲ့  အတူ မွေးဖွားကြီးပြင်းခဲ့သော ၊ ယနေ့ တိုင် မသေဆုံး
သေးသော ၊ မသေဆုံးနိုင်သော

ရေပန်းအစားဆုံးသော အရာများအားလုံးထက် ရေပန်းစားသော

အချို့ သောသူများအတွက် ပန်းသီးတစ်လုံး ဖြစ်နေတတ်ပြီး ၊ အချို့ သောသူ
အတွက်ဖန်ခါးသီး ဖြစ်တတ်သော

မည်သူမဆို ရင်ဘတ်နှင့် သင်ကြားတတ်မြောက်နိုင်သော

လူသားတို့  ယခု အချိန်ထိ တည်ရှိနေခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သော

ကုန်ကုန်ပြောရရင် အရာအားလုံးကို ဖြစ်စေနိုင်သော …။

၎င်းအရာအား ကျနော်က ဒီလို…ဒီလိုပေါ့ …. :D

ကျနော် နားလည်တာ --- တကယ်တော့ အချစ်ဆိုတာ
မေတ္တာနဲ့  ခြံစည်းရိုးလေးသာခြားတဲ့
အိမ်နီးချင်း စိတ္တဇ နာမ် တစ်ခုပါပဲ ...။ MGNGAL

ကျနော် ပြောချင်တာ--- အချစ်ကို အချစ်နဲ့  ထပ်မှမြတ်တယ် ..။

ကျနော် ချစ်နေတာ --- ကျနော့် ကဗျာများထဲမှ " _ "...။

ကျနော့် အတွက်တော့--- လေလှိုင်းထဲမှာ ကျစ်ခဲ့တဲ့ ကြိုးတစ်ချောင်း…။အဲဒီကြိုး
သိပ်ခိုင်တယ်…။

အဲဒီအချစ်အကြောင်းကို မတောက်တခေါက် ဘလာဂေါက် ကျနော် မောင်ငယ်
က ကဗျာတစ်ပုဒ် စပ်ပြီး ဘလော့င်္ဂမှာ တင်ဖူးပါတယ် ။ ခံစားကြည့်ပါဦး…။

"လက်တစ်ကမ်း"

နှလုံးသားတိုင်းက တန်းတူပဲ
ဒါကြောင့် သူကို ရေပြင်ညီခံစားကြတယ်...
သူမှာ ကန့် သတ်ချက်မဲ့တယ်
အနားသတ်တွေ နေရာမရသေးဘူး...
အလယ်မှာ နေရာယူပြီး
အစွန်းရောက်မှုတွေကို ဆုပ်ကိုင်ထားတာလည်း သူပဲလေ...
သူကို ဖန်တီးနိုင်သူ မရှိသေးသလို
ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှင်က ဘယ်သူလဲ...?
ဝေးကွာခြင်းတွေကို ရင်ငွေ့ သွန်းပေးနိုင်သလို
ထွေးပွေ့ ထားတဲ့ နှလုံးသားတွေကို
ခံစားချက်ပျောက်အောင် အဆိပ်သောက်ခိုင်းတာလည်း သူပဲဗျ...
သူက အောင်မြင်မှုကို ညာလက်ရုံးခန့် ထားပြီး
ကျရှုံးသွားအောင် အမှောက်ထိုးလှဲဖို့  အားယူနေပြန်တယ်...
ကဲ ...သင့်အနား သူရောက်နေပြီ
အသင်ဘာလုပ်မလဲ ...???
သေချာ စဉ်းစား..
သေချာ တွေးထား...။

စဉ်းစားရင်လည်း စဉ်းစား ၊တွေးထားရင်လည်း တွေးထားကြပေါ့ဗျာ ။ ကျနော်က
တော့တိုက်တွန်းပြီးပြီ ..။ :P နဖူးတွေ့  ဒူးတွေ့ ကျရင် အခက်တွေ့ မှာ စိုးလို့ ပါ ။

အခြား အခြားသောသူများရေးလို့ လည်း အချစ်အကြောင်း ခေါင်းစားလောက်
အောင်ဖတ်ပြီးသွားပါပြီ။ :( ဒီလောက်နဲ့ ပဲ ကျေနပ်ပါလို့  မီးငယ် နဲ့  ခေါင်ခေါင်
တို့ ကိုပြောချင်ပါတယ် ။ :)

မောင်ငယ်

Wednesday, 15 October 2008

"ဆီမီး"


လေသွေးတာနဲ့ တင် ဝေးသွားနိုင်တယ်
မီးစာမကုန်သေး သရွေ့ တော့
တိုးဝင်လောင်ကျွမ်းခွင့် ရှိသင့်တာပေါ့ကွယ်
ဆီမခန်းဖို့ ပဲ လိုတယ် ချစ်သူ...။

မောင်ငယ်

Monday, 13 October 2008

"ဖြစ်သလိုစားခြင်း တစ်ပိုင်းတစ်စ"

သြကာသ သြကာသ သြကာသ ကာယကံ ၊ ၀စီကံ ၊ မနောကံ …………………။
အစချီလျက် ဘုရားရှိခိုးနေသော အခန်းတူ သူငယ်ချင်း မောင်မြင့်၏ အသံကြား
တော့ အိပ်ရာက နိုးလာတယ် ။ခဏကြာ ပြီးသွားတော့ မေးတယ် ဒီနေ့ စောစော
စီးစီး နိုးနေပါလား ကိုမောင်ငယ် ။ အေးကွ မင်းအသံကြားပြီးနိုးလာတာ။ကောင်း
သော နံက်ခင်းပါ သူက Gtalk မှာနှုတ်ဆက်သလို နှုတ်ဆက်တယ်။အင်း။အိပ်
ချင်မူးတူးနဲ့ ဖြေပြီး အခန်းပြင်ထွက် စီးကရက် တစ်လိပ် ရှိုက်ရင်း လောကကြီး
အလှအပ ကို ခေတ္တ ခံစားလိုက်သေးတယ်။ပြီးမှမျက်နှာသစ်၊သွားတိုက်ပြီးအိပ်
ယာသိမ်းလိုက်ပြီးဘုရားရှိခိုးတယ်။မနက်စာစားပြီးပြီလား ကိုမောင်မြင့်။မစားရ
သေးဘူးဘာရှိလည်း???စနေနေ့ ဆိုတော့ အရင်အပတ် တနင်္ဂနွေ က၀ယ်ထား
တဲ့စားစရာများလည်း ကုန်သလောက်ဖြစ်နေပြီ။ခေါက်ဆွဲခြောက်တော့ ရှိဦးမယ်
ထင်တယ် ။ အင်း ကြည့်လိုက်ဦးမယ် ။ကံကြီးပေလိုသာပေါ့ နှစ်ထုပ်ကြီးများ
တောင် ကျန်သေးတယ် ။ :D ဒါနဲ့  ရေနွေးတည်လိုက်တယ်။ ပြီး ဖောက်ထည့်
ရေနွေးစိမ် အဖုံးအုပ် ထားလိုက်တယ်။
အင်း.. ခဏအားနေသေးတယ် ။ ဘလော့င်္ဂလေး ဖွင့်ကြည့်လိုက်ပါဦးမယ် ။ အ
လားလား …အမယ်မင်း မယ်ဂုမိက ထပ်အော်သွားသေးတယ် ။ တက် ထားတာ
အခုထိရေးသေးဘူးလားတဲ့ ။ :P ဟိုကွေ့  ဒီရှောင်လုပ်နေတာလည်းမရပါလား
နော် ။
L မလွယ်ဘူး ဒီညတော့ ရေးတော့မှပဲလို့  စိတ်ကူးလိုက်မိသေးတယ် ။
ရလောက်ပြီထင်တယ် ခေါက်ဆွဲခြောက် ။ သွားယူပြီး စားရင်း စာဖတ်ရင်းနဲ့ 
စနေနေ့ အရသာကို ကောင်းကောင်း ခံစားနေလိုက်တယ်။ စာဖတ်ပြီး ဟိုလုပ်ဒီ
လုပ် ဒီလုပ် ဟိုလုပ် နဲ့  အချိန်တွေ ကုန်သွားလိုက်တာ ဘယ်လောက်ကြာသွား
သည်မသိ တစ်မိုက်မက တစ်ထွာမျှရှိသော ဗိုက်က ပြန်ဆာလာမှပဲ နာရီကို
ကြည့်တော့ နှစ်ချက်တီး ပါကောလား။ အမောင်မြင့် ဘာချက်စားကြမလဲဟေ့ ။
ဟေ ထမင်းတော့ ချက်ပြီးပြီးကွ ။ အင်း…ရေခဲ သေတ္တာထဲ ဘာရှိလည်းကြည့်
လိုက်ဦးမယ် ။ အားပါးပါး အသားတွေ အသီးအနှံတွေ အစုံအလင်ပါပဲလားဟေ့
မောင်မြင့် ဒီထဲကဟာတွေက ငါတို့ ဟာတွေလား ?? ဒီလောက်တော့ မကျန်
လောက်တော့ပါဘူး … …..ဟုတ်ဘူး ငါတို့ ဟာဆိုလို့  ကြက်ဥ ၄လုံးပဲ ကျန်
တော့တယ် ။အန် သေဟ ….။
အဲဒါ ဟိုဘက်ခန်းက လာထည့်ထားတာ။
အင်း ဈေးသွားရဦးမယ် (ကိုယ်အခြေအနေ ကိုယ်နားလည်လိုက်တာ):D။မထူး
ပါဘူးကွာ ဒါလေးပဲ ကောင်လုံးကြော် ကြော်လိုက်တာပေါ့ ။ဒီလိုနဲ့ နေ့ လည်စာ
ပြီးပါတယ်။ စားရသောက်ရတာ ပင်ပန်းတာနဲ့  အချိုတည်းနားနားနေနေ နေပြီး
ကော်ဖီသောက်ရင်း ကွန်ပျူတာဆိုင်ရာ Ebook လေးဖတ်နေလိုက်ပါတယ် ။
စာအုပ်ထဲကအကြောင်းအရာလေးတွေ လုပ်ကြည့်လိုက် ဖတ်လိုက်နဲ့  အချန်
တော်တော် ကုန်သွားလိုက်တာ ညနေစောင်းသွားတယ် ။
မောင်မြင့် ဈေးသွားရအောင်ဟ ။
မနက်ဖြန် အူခေါက်နေဦးမယ် ။
အေးအေး သွားတာပေါ့ ။
ဒါနဲ့  ရေချိုးခါနီး မနက်ဖြန်လျှော်ဖို့ အ၀တ်တွေ စိမ်ထားလိုက်တယ် ။ ပြီး ရေချိုး
ပြင်ဆင် ပြီး ဈေးသွားကြတယ်။ဈေးရောက်တာနဲ့  တစ်ခု စဉ်းစားလိုက်တာက ။
နေတိုင်း ညစာ ထမင်းပဲစားနေရတာ အပြောင်းအလဲလေး ဖြစ်သွားအောင် ပီစာ
ဝယ်စားရအောင်ကွာ ဆိုပြီး အဖော်ညှိလိုက်တော့ နှစ်ခါပြောစရာ မလိုအောင်ကို
အမောင်မြင့်ကလည်း အပျင်းကြီးပါတယ် ။ (ကျနော်နဲ့ အတူနေတာကြောင့် ဖြစ်
မယ် ) :D ၀ယ်စရာတွေဝယ်ပြီး ပြန်လာ…။ပြန်ရောက်တော့ တော်တော်နောက်
ကျပြီ။ သွားလိုက်လာလိုက်တော့ ဗိုက်က ပြန်ချောင်လာတာနဲ့  ၀ယ်လာတဲ့ပီစာ
ကြီးနှစ်ချပ် ကို ဆီနဲ့  အိုးကင်းပူ တိုက်ပြီး မပူမအေး ခပ်နွေးနွေးလေးကို ငရုတ်
ဆော့စ် နဲ့  အမိအရ လွေးလိုက်ပါတော့တယ် ဗျာ…။
:D
(တစ်ယောက်တစ်ချပ် စားတာ မကုန်သေးဘူး ၊ တစ်စိတ် ကျန်သေးတယ် ) :P

ဒါကတော့ ကျနော် အပျင်းကြီးတိုင်း လုပ်ဆောင်နေကျဖြစ်တဲ့ ဖြစ်သလိုစားခြင်း
ထဲမှ တစ်ပိုင်းတစ်စ လောက်ကို ဆွဲထုတ်ပြသလိုက်ခြင်း ဖြစ်ပါတယ်။အခန်းဆက်
မရှိပါ ။:P

BESc မမယ်ဂု ကျေနပ်လောက်ကောင်းပါရဲ့ ။ BESc= Bachelor of Egg Science
:P ညှာတာထောက်ထားသောအားဖြင့် မည်သူကိုမှပြန် မတက်တော့ပါ။ :D

မောင်ငယ်

Wednesday, 8 October 2008

"အပယ်ခံ"


မညီမျှခြင်းတွေကြား ညီမျှခြင်းချပေးနိုင်တာ
အချစ်ပဲဆိုတာ ယုံစားပြီတဲ့နောက်
ကျနော် ပန်းတစ်ပွင့်ကို ဗဟိုပြုတယ်
ဝတ်မှုံတို့  လွင့်ပျံ့ ရာ လိုက်ကောက်
အနံ့ အဆင်းတို့  လူးလွန့် ရာ ၊
သင်းကြူရာ ၊ ထွန်းလင်းရာနောက်
တစ်ကောက်ကောက်...............
တ စ်ေ ကာ က်ေ ကာ က်....
တ စ်ေ ကာ က်...................
တ စ်.................................
.........................................။

ဒီလိုနဲ့ .....
အဆုံးအစွန်ထိ သွန်ချပေးလိုက်တော့
လက်ကျန်ဖြစ်တည်မှု အကတ်အသတ်တောင်
ပါးလှပ်သွားပြီ...........
တန်ပြန်သက်ရောက်မှုများက
အစိမ်းရောင် ခက်ထန်မှုများပဲ...။

မာယာများတဲ့ ကစားပွဲထဲ
ကျနော်လွတ်ကျသွားတဲ့ အချစ်ကြမှ
ဆားညှပ်သွားရတယ်လို့ ............
အနည်းဆုံးတော့ ကောက်ယူသုတ်သပ်
ဖုတ်ဖတ်ခါပြီး ကြည့်သင့်တာပေါ့ကွယ်...။

မောင်ငယ်

Monday, 29 September 2008

"သမိုင်းဝင်"


ဗင်လာဒင်ရဲ့  အကြမ်းဖက်လုပ်ရပ်
WTC ညီနောင် မြေခလို့  ဗုန်းဗုန်းလဲကျတာလည်း
မင်းလေးကြောင့် မဟုတ်ရပါဘူး...။

ဟီရိုရှီးမား ၊ နာကာစကီ နျူကျဲခံရလို့  ပြာကျ
ကမ္ဘာသိ ငါသိ မင်းလေးလည်း အသိ
ဒါလည်း မင်းလေးကြောင့် မဟုတ်ရပြန်ဘူး...။

ကလီယိုပက်ထရာ ဇာပုဝါပါးလွမ်းခြုံ
ရောမအင်ပါယာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တာ
မင်းလေး... မင်းလေးကြောင့်မှ မဟုတ်တာပဲကွယ်...။

ညို့ အားပြင်း မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံ
နှလုံးခုန် ကြိမ်နှုန်း ၁၅၀၀ ထိဆောင့်တက်
ငါ့ လက်ဝဲ နံရိုးနှစ်ချောင်း အက်တဲ့ ကိစ္စကတော့
မင်းလေးနဲ့  အသေအချာ သက်ဆိုင်နေပါတယ် ချစ်သူ...။

မောင်ငယ်

P.S ~ မပေါရတာကြာလို့  ပေါကြည့်တာပါ ။ :D

Friday, 26 September 2008

"ထိပ်တိုက်"


ကျုပ်ကပဲ အကောင် မကြီးလို့ လား
ခင်ဗျားကပဲ အချိန်မစီးလို့ လားတော့ မသိဘူး
ခင်ဗျားလို သောက်ရူး ကဗျာတွေ ၊ စာတွေ
ကျုပ် အခု ရေးမိပြန်ပြီ
ဝါတွေ သဘာတွေ လာမပြောနဲ့ 
ကြီးကြီးသေးသေး ကျုပ်ကလည်း လူမရွေးဘူး
ရေဝေး ဆိုတာ ခင်ဗျားတို့  ကျုပ်တို့  အတွက်...။

ကျုပ်ပခုံးကို ရှပ်ရှပ် တိုက်မသွားနဲ့ 
တွန်းတိုင်း ၊ တိုက်တိုင်း နဲ့ နဲ့ ပါရအောင်
ကျုပ် အုတ်မြစ် ကျုပ်ချ ကျုပ်ဘ၀က
ခပ်ရွရွလေး တည်ဆောက်ခဲ့တာ မဟုတ်ဘူး...။

ပေစောင်းစောင်း မကြည့်နဲ ၊့ မရိနဲ့ ၊ မငြိနဲ့ 
ရှင်းလား ..... ကျုပ်ကတော့ ခပ်ရင့်ရင့်ပဲ
သိပ်တိုက်ခိုက်ချင်ရင် တည့်ဝင်လာခဲ့
ကျန်တာတွေဒိုး ဘာအားကိုးမှ မလိုဘူး
ရင်ဘတ်ချင်းရိုက် နဖူးရိုးချင်း ယှဉ်တိုက်မယ်
ဘယ်သူ အရိုးကျစ်ကြောင်း အရေထူကြောင်း
လယ်ပြင်မှာ ဆင်သွား အရှင်းသား
ခင်ဗျား တွေ့ ရလိမ့်မယ်...။

မြန်မာသွေးချင်း အတူတူ အနူနူ
ဘယ်သူ့ အတွက် ဘာ့အတွက်ပဲ စတေးစတေး
လက်ကိုင်ပြုတာချင်း မတူညီမှတော့လည်း
ဘယ်သူ့ သွေး ပို နီဆွေးကြောင်း
''ဗြောင်း'' ဆိုတဲ့ အသံတစ်ချက် အပြီးမှာ
ကျုပ် ခွက်ကြီးကြီးနဲ့  ခံပြမယ်...။

မောင်ငယ်

Tuesday, 23 September 2008

"အခွံ"


ဘ၀က အနေမတတ်ရင်
သောက်သုံးသူ မရှိတော့တဲ့
သဲရေအိုး တစ်လုံးလိုပဲ
တစ်စက်ချင်း တစ်စက်ချင်း စိမ့်ထွက်
နောက်ဆုံး.................................
ကိုယ့်အတွက်တောင် ဘာမှမကျန်ဘူး...။

မောင်ငယ်

Monday, 22 September 2008

"အရိပ်မဲ့ပန်း မနွမ်းစေချင်"





ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော က
လေးသူငယ် များနှင့် သက်ကြီး ရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရ
သောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..”
စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်
ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သ လောက် ထောက်ပံ့ပေးနိုင်မှု
ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုး
ရှိပါလိမ့်မယ်။ လှူဒါန်းမှု နည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအ
တိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။သို့သော် မိမိတို့စိတ်မှာမေတ္တာ၊
ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက်
ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ချောင်း
တွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တ
ထောင့်တနေရာမှ လှူဒါန်းမှု ၊ စောင့်ရှောက်မှုတွေ လုပ်သွားကြမည်ဆိုလျှင်
ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့
ပီတိ အပြုံးနဲ့ စားသုံး နိုင်ကြမှာပါ ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန
မထားဘဲ၊ အသင်းလိုက် ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ
အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။



ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်
ဆိုတာ အားလုံးသိနေပြီး ဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ် မရသေးတဲ့ ဆရာ
တော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေး
စောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။
ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့နေရာတွေမှာဘုရားတည်၊
ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။လိုအပ်တဲ့ နေရာမှာ အိမ်သာ
တောင် မဆောက် ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန် အချိန်မှာ လိုအပ်နေတာတွေ
အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင်ဟောတော်
မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင်
ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့
ပါတယ်။ တစ်ကယ်သာသနာပြု တယ်ဆိုတာကလည်း ဘုရားတည် ကျောင်း
ဆောက်တာမှ သာသနာပြုတယ် မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အ
ဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို
ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ
တကယ့်သာ သနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံး
သပ်ကြည့် စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင်.. ကောင်းမှုမှန်တာမျှအကုန်
လုပ်၊မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါ့ကြောင့်
ကောင်းမှုဒါနလုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘဝ
တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူဖြစ်
ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူ
များသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာရသလို ဉာဏ်လည်း
ကောင်းသည် ။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည်
ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။
ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု
ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။






ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြ
လိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်
ကြောင့် ခိုလှုံ ရောက်ရှိလာရ သော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာ
တော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။
သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာ
ရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်
နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်
မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…

~ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
~ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
~တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
~ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
~ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
~အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
~အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။

“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေ
ရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်
လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့
……………၊”

ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊
မန္တလေးတိုင်း၊
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင်….. မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေ
သူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211,02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp
(01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)

စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)

ရုရှားရောက်မြန်မာကျောင်းသားများကိုယ်စား ကျွန်တော်တို့၏ ထေရ၀ါဒဗုဒ္ဓ
ဘာသာ လူငယ်များအသင်း (YMBA) မှ ယခုလတွင် ဒိုးပင်အောင်ကံသာ
ပရဟိတလူငယ်ဖွံ့ဖြိုးကျောင်းသို့ တတပ်တအား ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါ
သည်။

ရေးသားတင်ပြသူ- အောင်ဦး
http://dhammaratha.blogspot.com/
http://www.ymba-mephi.co.cc/

Friday, 19 September 2008

"မသိကိန်းများ"


ပင်ယံထက်က ကြွေလွင့်သွားတဲ့
ရော်ရွက်ဝါတစ်ချပ် ညှာတံကစွန့် ခွာ
ဒါ သူ့ ဝအဆုံးသတ်သွားကြောင်း
ကောင်းစွာ မသိလိုက်ရဘူး...။

မှန်လှောင်ကန်ထဲက အလှမွေး ငါးတစ်ကောင်
ဘောင်ကျဉ်းကျဉ်းနဲ့  ရေတိမ်မှာနစ်မွန်းတယ်
ပင်လယ်ကြီး ဘယ်လောက်ကြီးမားကြောင်း
သိနားလည်ဖို့  ဥာဏ်မမှီခဲ့ဘူး...။

မွေးရာပါ မျက်မမြင်ကလေးငယ် တစ်ယောက်
အိုမင်းရင့်ရော် သေဆုံးတာသွားခဲ့တယ်
အရောင်တွေ မည်မျှဆန်းပြား ခမ်းနားကြောင်း
ကျေနပ်လောက်အောင် သိမသွားခဲ့ရပြန်ဘူး...။

တစ်မျိုးပြီး တစ်မျိုး သံစဉ်တွေ မရိုးအောင်
ဖွင့်ချပေးခဲ့တဲ့ ဂစ်တာတစ်လက်
သူ့ ရင်တွင်းဖြစ်တွေ ပြန်ခံစားဖို့  နားတစ်စုံလိုကြောင်း
ခုထိ သိနိုင်စွမ်း မရှိသေးဘူး...။

ချစ်သူကို ဆက်နှင်းခြင်းခံရတဲ့ နှင်းဆီပန်းတစ်စည်း
သွေ့ ခြောက် ကြွေလွင့်တာ သွားတယ်
အပ်နှင်းသူရဲ့ တန်ဖိုးထားမြတ်နိုးမှုများ သူ့ မှာကိန်းဝပ်နေကြောင်း
ချစ်သူနှစ်ဦးလို သိခွင့်မရလိုက်ရှာဘူး...။

ကျနော်ရင်၌ ခံစားဖြစ်တည်သမျှ
အရာအားလုံး သူမ ထံပါးမှ
အခစား ၀င်ရောက်ခြင်းဖြစ်ကြောင်း
ကျနော်လည်း ကောင်းစွာ မသိသေးဘူး...။

မောင်ငယ်

Tuesday, 16 September 2008

"ဇီဝလိုအင်"


Sleeping is the biologically need .(10 th standard)

ညအိပ်ဝတ်စုံကို အချိန်မတန်ခင် ခွာချ
သမ်းဝေခြင်းနဲ့  နံနက်ခင်းသစ်ကို ကြိုဆိုကြ...။

လူတောတိုးတဲ့ အ၀တ်အစားတွေဝတ်
လူတောထဲ တိုးဝင် ရုန်းကန်ကြ...။

အိပ်ကပ်တွေ ဦးခေါင်းတွေ ၀မ်းဗိုက်တွေ ဖောင်းဖို့ 
မျက်လုံးတွေ ဟောက်ပက် ကျိန်းစပ်နေကြ...။

အလိုရမ္မက် မလိုအခက်တွေ ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်းနဲ့ 
ခန္ဓာဓာတ်သက်တွေ လျော့ပါးဆုံးရှုံးကြ...။

သွားကြ ပြန်ကြ ရွှေ့လျားစီးမြောတဲ့ အခိုက်
ကိုယ့်အိပ်ချိန် ကိုယ်ပြန်ခိုးရင်း ငိုက်မြည်းကြ...။

တစ်နေ့ တာ ကိစ္စအ၀၀ ကျောခိုင်းလို့ အပြီး
ရက်စွဲတစ်ရက်ကိုလည်း သမ်းဝေခြင်းနဲ့  ဆုတ်ဖြဲလုံးချေ
အလိုတူ အလိုပါ ခေတ္တသေဆုံးခွင့် ရကြတယ်...။

မောင်ငယ်

PS ~ မြေအောက်ရထားစီးရင်း အိပ်ငိုက်နေသူများကို တွေ့ မိ၍ ရေးထားခြင်းမျှသာဖြစ်ပါသည်။

Saturday, 13 September 2008

"၀ဋ်ကြွေး"


အနှစ်နှစ် အလလ ကတည်းက
ဖြစ်တည်နေတဲ့ နာဖျားခြင်းတွေ
နာလန်ထခါစ မနက်ခင်း
ပြတင်းတံခါးကို အသာအယာ တွန်းဖွင့်
'ကျွီ' စုပ်သပ်သံ တစ်ချက်ကြားတဲ့အခိုက်
သက်တမ်းရင့် အလွမ်းနာတို့ 
ပြတင်းတံခါးဆီသို့  တိုးဝှေ့ ပြေးလွှားလာကြ
ကျောပြင်ကိုရှပ်တိုက် ရိုက်သတ်တော့မယ့်အထာနဲ့ 
ခပ်မိုက်မိုက် တစ်ချက်လှည့်ကြည့်ပြီး
ဒီရင်ကို စုံကန်ထွက်တယ်...။

အိပ်မက်တစ်ချို့ လည်း ရောကောသောကော
ညှပ်ပါသွားတာ မမြင်လိုပဲ သိလိုက်ရ...။

သူတို့ လည်း ဒီအခန်းထဲမှာ နေရတာ
မွန်းကြပ်နေပြီ ထင်ပါရဲ့ ...။

စာနာ နားလည်ပေးကာ မှပဲ
ပြန်လှည့်ပြေးလာကြပြီး
အစုအဝေးနဲ့  သံပြိုင်အော်တယ်
"ကာရန်မဲ့နေတဲ့ ရင်ခွင်က ရင်ကြွင်းဒဏ်တွေ မင်းပဲခံတော့" တဲ့ဗျာ...။

မောင်ငယ်

Wednesday, 10 September 2008

"ကဗျာစီးကြောင်း"


ကဗျာနှစ်လိုသူ အားလုံး
ကလောင်သွား တစ်သသနဲ့ 
ရှေ့ ကို တစ်လှမ်းပြီးတစ်လှမ်း
ခံစားမှု အသစ်အသစ်တွေ
လက်ဝေကမ်းလိုက်ကြ...။

ငါတို့ ကဗျာတွေပေါ်
လာ ၀င်စားလှည့်
အရွယ်သုံးပါး မရွေး
အကြောင်းသုံးပါးမရွေး လက်ခံရဲ့ ..။

ငါတို့ ကဗျာတွေက
ဥတုရာသီကိုလည်း မမှီဘူး
ဒါကြောင့် နာဖျားခြင်းလည်း ကင်းရဲ့ ..။

ငါတို့ ကဗျာတွေရဲ့ 
ဝိဥာဉ်က မသေဆေးကို ခဏတိုင်း မြိုချ
သေဆုံးခြင်း အလျဉ်းကင်းတယ်..။

ငါတို့ ကဗျာမှာ
ပြဌာန်းချက် မဲ့ တယ်
မူကြမ်း မရှိဘူး
ဈာန်ဝင်စားတိုင်း ဖန်တီး
အတွေးဆန့် ထွက်တိုင်း ဖန်တီး
ကြေကွဲတိုင်း ဖန်တီး
ပေါက်ကွဲတိုင်း ဖန်တီး
လွမ်းလွမ်းဆွေးဆွေး သူ့ ကို ရေးကြ
ဘေးတော့ မဖြစ်စေနဲ့ ..။

ငါတို့ ကဗျာနဲ့ 
အချစ် အကြောင်း
အိပ်မက် အကြောင်း
ဘ၀ အကြောင်း
အကြောင်းပေါင်းများစွာ အကြောင်း
ဓမ္မဓိဠာန် ကျကျ
အဓိပ္ပါယ် ဖွင့်ဆိုကြ
ကဗျာတွေ ကဗျာတွေ
မရေမတွက် နိုင်အောင်ရှိသေးကြောင်း
နောင် နှစ်ပေါင်းများစွာကြာမှ
မင်းကို ကဗျာတစ်ပုဒ်နဲ့ 
ထပ်ရှင်းပြမယ် ...။

မောင်ငယ်

Tuesday, 9 September 2008

“တက် လိုက်ကြတာ ခွက်ခွက်လန်ပါလား”


တစ်နေ့ မနက်က ဘလော့ဂ်တွေလိုက်ဖတ်ရင် ကိုအိပ်မက်နက် ကြီးက တက် ထားတာတွေလို့ 
ဒေါ်ဒေါ်မှူး ကို သတင်းကောင်းသွားပေးမိပါတယ်(၀မ်းသာအားရ)။ ကိုယ့်အမှုကိုယ့်ပြန်ပါတ်မယ်
မှန်းသိရင် မပြောပဲတိတ်တိတ်လေးနေပါတယ် …အခုတော့၊အဟော့အဟော့ ..အာ မှားကုန်ပြီ
အဟင့်အဟင့်..။အသတ်ခံရပြီဗျို့  မှားပြန်ပြီ ၊ အ တက်(tag) ခံရပြီ အရပ်ကတို့ ရေ………....။
မထူးပါဘူး ရေးလိုက်တာပဲ ကောင်းပါတယ်။မရေးရင်လည်း Gtalk ကနေတစ်ဂျီထဲ ဂျီမယ်ဆိုပဲ။
ဓားကြိမ်းမကြိမ်းပဲ G talk ကြိမ်း၊ ကြိမ်းနေတယ် ။:P

ကိုယ့်ရဲ့ နာမည် --- မောင်ငယ်။
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် ---မောင်ငယ် ၊မောင်ငယ်ရင်သွေး ၊ဟေယောင့်ကြီး ၊သယ်ရင်း ၊သရု(
друг)။
ကိုယ် ဒီမှာနေတယ် --- ဆွဲအားရှိတဲ့ အလုံးအကြီးကြီးပေါ်မှာ :P။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် --- ကျုံးတစ်ပါတ် အရင်ပတ် (ကာရံညီပါတယ်နော် ဟီးဟီး)။
“ ကျနော်
ကြိုက်ဆုံးတွေက ”
အရောင်ဆိုရင် --- အသည်းကွဲရောင်၊(သူများပြောတာကြားဖူးတာပဲ) ။
အ၀တ်အစားဆိုရင် ---တောင်ရှည်ပုဆိုး နဲ့ တိုက်ပုံအကျီ င်္။:P
အစားအစာဆိုရင် ---ခတက်ချဉ်။
ပစ္စည်းဆိုရင် --- ကျနော့် ကွန်ပျူတာ (ခဏခဏ ဟမ်းလို့ )။
သီချင်းဆိုရင် --- အငြိမ့်မင်းသမီး ဆိုတဲ့ သီချင်း ။
“တော်တော်များများကတော့ ကျနော်နဲ့ အသားတကျ ရှိကြပါတယ်။”
စာရေးဆရာဆိုရင် --- တော်တော်များပါတယ်။
စာအုပ်ဆိုရင် --- မဟားဒယားကို များပါတယ်။
လိုက်ဖ်စတိုင်လ် --- ရိုးရိုးတွေး ၊မြင့်မြင့်ကြံ ၊မှန်မှန်လုပ် ။
ကိုယ့်ရဲ့ဝါသနာ --- အတွေးဖျန့် ကျက်ခြင်း ၊ ချိန်ထိုးဆန်းစစ်ခြင်း ။
အလိုချင်ဆုံး လက်ဆောင်
--- မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာ ။
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- မာတာ ။
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- ပိတု ။
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက --- နည်းတာမဟုတ်ဘူး ။
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက --- ကျနော်ကိုယ်တိုင်ပဲ (ဒါတောင် တစ်ခါတစ်လေ နားမလည်ချင်ဘူး ဟီးဟီး )။
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- မွေးသေးဘူး ။
ရင်အခုန်ဆုံး အချိန် --- သိချင်လို့ လား ? မပြောပြဘူး ။ :P
အကြောက်ဆုံး အချိန် --- ဘယ်လိုမျိုးလဲ ? မကြုံဖူးဘူး ။
အပျော်ဆုံး အချိန် --- အိမ်ကို ခွင့်ပြန်ချိန် ။
အမှတ်တရနေ့ --- ဒီနေ့ ပဲ။ :D
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု --- လောကကြီး ငြိမ်းချမ်းပါစေ ။
အချစ်ဆိုတာ --- ကျနော့် ကောင်မလေးက ကျနော့်ကိုခေါ်တာ ။:D
အမုန်းဆိုတာ --- ရင်တစ်မိုက်ကို လောင်မြိုက်စေတဲ့ အရာ ။ (စာသားကို ယူသုံးထားပါတယ် )
အလွမ်းဆိုတာ --- အကျွမ်းတစ်ဝင် မရှိသင့်ပြန်ဘူး ။ဟူးဟူး
သံယောဇဉ်ဆိုတာ --- ပြန်ပြောရင် အမျှင်ကို မပြတ်တော့တာ ။ပြောတော့ဘူး ။:P
ဘ၀ဆိုတာ --- နေတတ်ရင် ကျေနပ်စရာကောင်းပါတယ်။
သူငယ်ချင်းဆိုတာ --- တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကို အလဲအလှယ် ပြုလုပ်ထားတာပါ ။
ချစ်သူဆိုတာ --- တစ်ဖက်သတ်ပဲဖြစ်ဖြစ် ၊နှစ်ဘက်သတ်ပဲဖြစ်ဖြစ် ချစ်နေတဲ့သူ ။
ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် --- လူသားဆန်တဲ့ လူတစ်ယောက် ။အင်း... သေချာလောက်ပါတယ် ။:D
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- ယောင်္ကျားတံခွန် လူရည်ချွန်က ကောင်းကင်တံမွတ် ကြယ်ကိုဆွတ်လည်း မလွှတ်စတမ်း ရမြဲတမ်းတည့် ။
အပြောချင်ဆုံး စကားတစ်ခွန်း --- တစ်နေ့ တစ်ခုန် ဇလုံ ဘယ်ရွေ့ မလဲ ။ အဲအဲ မှားလို့ ..:D ။တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့ မလဲ ။

အင်း ကိုယ့်အလှည့်တော့ ပြီးသွားပြီ ။ဘယ်သူကို အလုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့..။
ဟာဗျာ… တက်စရာ လူလိုက်ရှာပါတယ် ၊ဒီလောက်တောင်ရှားနေပြီလား မသိဘူး ။ရှားရှားပါးပါး
နှစ်ယောက်ပဲ တွေ့ တယ်ဗျာ။ ကိုယ့်အရင် တက် တဲ့သူတွေ မနည်းပါလား ၊ တဂစ်ဂစ်နဲ့ …။:P
ကဲကဲ ကံဆိုးသူမောင်ရှင် နှစ်ယောက် အရောက် ဆင့်ခေါ်စေ ..။ဟီးဟီး..။

ကိုမင်းကျန်စစ်
မောင်သုည

နောင်တော် တို့ ညီတော် တက် သည်ကိုပြန်မရေးပါက မော်စကို ရောက်ပါက ဗော်ဒကာ တစ်ဝိုင်းစီဖြင့် အလျော်ပေးရ လတ္တံ။:P

မောင်ငယ်



Sunday, 7 September 2008

"မလွယ်ပေါက်"


ခင်ဗျားတို့  ကျနော်တို့ 
ဒီအချစ်ဆိုတဲ့ ကွန်ယက်ထဲက
မရုန်းထွက်နိုင်ကြသေး သရွေ့ 
ရောင်စုံ အခိုးအငွေ့  တွေထဲ
တိုးဝှေ့နေရ ဦးမှာပဲ...။

မောင်ငယ်
P.S - မလွယ်ပေါက် =အလွယ်တစ်ကူ မထွက်နိုင်သော အပေါက် ။:D
အဲဒီကွန်ယက်ထဲက ထွက်လို့ မလွယ်လို့  ကျနော်လည်း မထွက်သေးဘူးဗျ ။:P

Thursday, 4 September 2008

“အချစ်နှင့် ခရီးနှင်ခြင်း”


တားမြစ်ထားတဲ့ အနားသတ်ထိ မရောက်သေးခင်၊
နယ်မြေသစ်များစွာ ရှေ့မှာ အိပ်မောကျနေတဲ့အခိုက်အတန့် ...။

တို့ အတူ…
လွင်ပြင်ကျယ်မှာ လေပြေနဲ့ အတူလွင့်မြော..
ကုန်းပြင်မြင့်တွေတစ်ဝိုက် အပြိုင်းအရိုင်း ပေါက်ရောက်ရှင်သန်ကြ ..
စမ်းချောင်းငယ်ထဲ ရောနှော စီးဆင်း...။

တစ်ဘက်စွန်းစီရပ် ရင်ရဲ့  ရောင်စဉ်တွေနဲ့ ၊
သက်တန့် တစ်ခု အပြီးသတ်ဖန်ဆင်း..
ညစဉ် ပါးပြင်ပေါ် ကြယ်တွေ အစင်းစင်းကြွေခ ..
ကဗျာပေါ်မှာ ခံစားမှုကို စိတ်လိုလက်ရ အကုန်တင်သွင်း...။

နေ့ နေ့ ညည လက်တွဲလျှောက်လှမ်းမယ့် လမ်းတိုင်း ၊
အမွှေးပန်းရနံ့ တို့  အကန့့်လိုက် အကန့် လိုက် သင်ပျံ့ နေလတ္တံ ..
လတ်ဆတ်ဖြူစင်တဲ့ စံပယ်တစ်ခက်က မင်းအတွက်သီးသန့် ...။

အရည်ရွမ်း ပန်းသီးတစ်လုံး ဝေမျှစားသုံးရင်း ၊
နွေ၊ မိုး၊ ဆောင်း သဘာဝအတိုင်း နု၊ ရင့်၊ ကြွေ၊ လွင့် ၊
အရောင်တွေ အစဉ်လိုက် ပြောင်းလဲမှုကို လက်ခံ..
သူစိမ်းတရံ မဆန်ဖို့ ပဲ ပိုလိုတယ်…။

မောင်ငယ်

Tuesday, 2 September 2008

"နိဂုံး"


အချစ်အကြောင်းလား….?
ပါးစပ်ပိတ် ပြန်အိပ်လိုက်
အထဲမှာ
လောင်မီးကျနေလို့ ပါ
ဖွဲမီးလိုပဲ
တမြည့်မြည့်နဲ့ လောင်မြိုက်
အဲဒါလေးကိုပဲ
နှစ်ခြိုက်နေမိတဲ့
ဒီ ငမိုက်သား
ထပ် မိုက်မှားခွင့်
မပေးနဲ့ ဦးလေ..။

လွမ်းဆွတ်မှုတွေ အကြောင်း
တစ်စေ့တစ်စောင်းလောက်…
သူ့ အကြောင်းဆိုရင်တော့
မနေ့ ကကျနော်က
ပိုသိပါလိမ့်မယ်
ဒီနေ့  အပြင်းစားတွေ ရေးခြစ်
ခံစားတဲ့ စုတ်ချက်
ပိုကြမ်းနေချိန်မို့ ပါ…။

အိပ်မက် !!! ဟုတ်လား..?
သိပ် တပ်မက်တွယ်ဖက်
တရစပ်
အကျွမ်းဝင်ခဲ့သူပေါ့
နှလုံးသွေးဖောက်
သစ္စာသွေး သောက်ခဲ့ကြသူလေ
(လက်တွဲ မဖြုတ်ကြကြေးဆိုပြီး)
သွေးသောက်ချင်းပေမဲ့ဗျာ
အတိုင်းအတာ တစ်ခုကျော်လွန်
ကဲကဲလွန်လွန်
နေရာယူလွန်းလာတဲ့ အိပ်မက်
ကျနော်ကိုယ်တိုင်ကပဲ သစ္စာဖောက်
နိုးထခြင်နဲ့ 
အဆုံးသတ်လိုက်ရတယ်
ဒီကောင် ဗိုင်းခနဲ့ လဲကျ
တစ်ဆက်တည်းမှာပဲ
ကျနော် ကိုယ်တိုင်လည်း
အိပ်မက်ရဲ့  ခြေရင်းမှာ
အိပ်မက်ခြင်းကင်းတဲ့ အိပ်စက်ခြင်းနဲ့ 
ကျိန်စာ သင့်ခဲ့ရ…။

မောင်ငယ်

Saturday, 30 August 2008

“ချယ်ရီမြေသို့  အလွမ်း”


တို့ တွေ… သစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့် ရှင်းရေးလုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်…။

ကံ့ကော်တောရဲ့ သင်းပျံ့ ရနံ့ ကို
ရှုရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမောခဲ့ရတဲ့ အခိုက်အတန့် လေး
ငါတော့ ပြန်လွမ်းမိသေးတယ်…။

ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ဧည့်ဆောင်လမ်းမထက် လှမ်းလွင့်လာမယ့်
ချစ်သူကို ကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့ …။

ဂျပ်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက် လက်ဆွဲအိတ်ကိုဆွဲ
လက်ပြည့်လွဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ ခုထိ ရဲရင့်နေဆဲပဲ…။

လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့ တွေ မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထိုနှစ်များကိုတော့ ငါတို့ 
ဘယ်လိုမေ့လို့ ရမှာလည်းကွာ…။

မောင်ငယ်

PS-နောင်တော် ၊ညီငယ် နှင့် သူငယ်ချင်းမျာသို့  အမှတ်တရ...။

Wednesday, 27 August 2008

"ဆားရည်စိမ် လွမ်းချင်း"


ခြံထွက် တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေ
အိမ်မက် ရာဝင်အိုးထဲ ပြွတ်သိပ်ထိုးသွပ်
အချစ်ဆိုတဲ့ ဆား ခပ်များများထည့်
စိတ်အချဉ်ပေါက်တိုင်း မြည်းကြည့်
ငန်ကျိကျိနဲ့ ...။

မောင်ငယ်

Sunday, 24 August 2008

"နောက်ဆုံးနွေ"


ဒီရင် ရွက်ကြွေတော
သံယောဇဉ် အရိုးပြိုင်းပြိုင်းထတယ်...
နွေဦးပေါက်မှာ
အစောဆုံး စိမ်းလန်းခွင့်ရတဲ့ အဖူးက
နင်ပါ...
'ဝေမျှခြင်းကင်းချင်တယ်' တဲ့လား
ကျန်တဲ့ အခက်အလက်တွေ
ငါသေဆုံးပေးမှာပေါ့ ...
အမြစ်ဖျားက အစ
ခန္ဓာပင်စည် တစ်လျှောက်လုံး
ရှာဖွေရသမျှအချစ်
မင်းအတွက်ပဲ ဖြစ်ရမယ်လေ...
အစဉ်နုဝေနေပါ
မင်းကြွေဖို့  နောက်တစ်နွေဆိုတာ
မရှိစေရဘူး ချစ်သူ...။

မောင်ငယ်

Thursday, 21 August 2008

“ပြောင်းလဲချိန်"


ဖြူလွလွ တိမ်တွေ
ကောင်းကင်မှာယိမ်းနွဲ့ လို့ 
ရိုးသားမှု အတိနဲ့ 
ဆည်းဆာချိန်
အရောင်တောက်လာလိုက်တာ
နီဆွေးဆွေးတိမ်တွေဖြစ်သွား
ပြေးလွှားနေကြပါလား
ပြောင်းလဲ သွားတာထင်တယ်…။

ရဲရဲတွတ်နီ သွေးရည်ကြည်တွေ
ခန္ဓာထဲမှာစီးဆင်းလို့ 
ဣနြေ္ဒရရနဲ့ 
ခံစားတတ်တဲ့အချိန်
အချစ်ဆိုတဲ့ ငနဲသား
ကြီးထွားလာလိုက်တာ
ကြည်ပြာရောင်သွေးတွေဖြစ်သွား
စိမ်းလန်းနေကြပါလား
ချစ်မိသွားပြီ ထင်တယ်…။

မောင်ငယ်

Monday, 18 August 2008

“အိမ်” (အရိပ်စစ်)


ပခုံးနှစ်ဘက်ဆုပ်ကိုင် ဘ၀ အခြေခိုင်ဖို့ 
“လဲလျှင် ပြန်ထ ဒါဘ၀” ဆိုပြီး
ခွန်အားပြည့် စိတ်ဓာတ်တွေ သွင်းပေးတဲ့ /ဆဲ
ချစ်ကြောက်ရိုသေ ဦးခိုက်ရပါသော “အဖေ”။

ရင်ခွင်ထဲထွေးပွေ့  သိမ်မွေ့ တဲ့ အနမ်း
မေတ္တာရွမ်းတဲ့ အကြည့် ချိုသာစကားဆို
ဘ၀မှာနေနည်း အခက်မရှိရအောင်
သင်ပြလမ်းညွှန် အနန္တချစ်ခင်ရပါသော “အမေ”။

တစ်ကိုယ်စာ မကြည့် ကောင်းဆိုးကိုသိ
ဦးဆောင်ဖောက်ထွက် တွဲလက်ခေါ်ယူ
ညီလေး ဘ၀ ကဒီလို ဆိုတဲ့ 
ညွှန်ကြားပြသ လေးစားရပါသော ‘ကိုကြီး’။

အမကြီး အမိရာ ဆိုစကား
စံထားကာ အနွံတာခံ ချက်ပြုတ်ကျွေးမွေး
မောင်လေး စားလို့ ကောင်းရဲ့ လား စကားဆို
ဖော်ရွေပျူငှာ ချစ်စွာသော ‘မလေး’။

ညီအစ်ကို တစ်ဖြစ်လဲ သူငယ်ချင်း
ငယ်စဉ်တည်းက ပွင့်လင်းစွာဆွေးနွေး
ဒါကဖြင့် မကောင်းဘူး ညီလေးရ ဆိုတဲ့
ထောက်ပြရှင်းလင်း အတုယူရပါသော ‘ကိုလေး’။

မတွေရတာဖြင့်ကြာ ဝေးတစ်မြေမှာ
ပညာရှာနေတဲ့ အခိုက် သားငယ် စိတ်ဝယ်
လွမ်းဆွတ်တမ်းတ သတိတော့ရတယ် အိမ်ကို
ဆုံးခန်တိုင်တဲ့ တစ်နေ့  အောင်ပန်းတွေပွေ့ ပြီး
နွေးထွေးလုံခြုံတဲ့ နားခိုရာ အသိုက်အမြုံလေးဆီကို
သားငယ် အရောက်လှမ်းခဲ့ မယ်။

မောင်ငယ်

Wednesday, 6 August 2008

"ဆတိုး"


စိတ်ရှိရှိနဲ့  အဲဒီစိတ်ကို ရိုက်ခွဲ
ခွမ်း !!!!!!!
ဂလောက် ! ဂလောက် ! ဂလောက်!!! (ထွက်ကျလာသံ)
သတိရတဲ့စိတ်...
လွမ်းတဲ့စိတ်...
ချစ်တဲ့စိတ်...။

မောင်ငယ်

Sunday, 3 August 2008

“တွဲလက်”


ဤခရီး နီးသလား မုချသေကြရမည်။ (ချစ်စံဝင်း)

မသေခင် ခဏ မင်းလည်းတစ်ကဏ္ဍပါဝင်တယ်
ဘေးထိုင်ဘုပြော လူ့ သဘောတွေ
အခုလောလောဆယ် ခဏချထား…

ကိုယ်နိုင်တဲ့ အပိုင်း ၀ိုင်းထမ်းကြ
အုတ်တစ်ချပ်စာ သဲတစ်ပွင့်စာ
ခင်ဗျားတာဝန် ကျေပါပြီ…

ဝိ၀ါဒ ကွဲလွဲ ဒီလိုပဲ ဆက်သွားနေရင်တော့
ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလို
အကွဲကွဲ အပြဲပြဲ ဖြစ်နေဦးမှာပဲ…

ဟိုထိုး ဒီထိုး လက်ညှိုးတွေပဲ အလုပ်မလုပ်နဲ့ 
လက်ဝါးကို ဖြန့်  ဘေးကိုဆန့်  ခိုင်ခိုင်တွဲထား
အဲဒီ တွဲလက်တွေ မဖြုတ်စတမ်းပေါ့…။

မောင်ငယ်

"ကမ်းလက်"

့ဟားဟားဟား…..
မိတ်ဆွေ တစ်ဆိတ်လောက်
ကျနော် ရယ်သလို လွတ်လွတ်လပ်လပ်
လိုက်ရယ်ကြည့်စမ်းပါဗျ…

ဟားဟားဟား……..
ဟာ…ခင်ဗျား အာသီးမှာတောင်
ချွေးတွေ သီးနေပါလား (အံ့ဩစရာပဲ)
ခင်ဗျားရဲ့ အမှန်တရားဆိုတာကြီး အတွက်
တော်တော် ပင်ပန်းနေပြီပဲ…

ဒီမှာ
အဖြူရောင်တစ်ရှုးတစ်ရွက်နဲ့  သုတ်သပ်လိုက်ပါဦး
ဘယ်ဘက်လက်ထဲမှာ ရေသန့် တစ်ခွက်
ညာဘက်လက်က လက်ဆွဲနှုတ်ဆက်ဖို့ အသင့်…

အခါမလင့်စေနဲ့ ဗျာ
အချိန်တွေက အဖိုးတန်လွန်းလို့ ပါ
အခုကို ကျနော်တို့  တော်တော်နောက်ကျနေပြီ…။

မောင်ငယ်

Saturday, 2 August 2008

"လက်တစ်ကမ်း"


နှလုံးသားတိုင်းက တန်းတူပဲ
ဒါကြောင့် သူ့ ကို ရေပြင်ညီခံစားကြတယ်...
သူ့ မှာ ကန့် သတ်ချက်မဲ့တယ်
အနားသတ်တွေ နေရာမရသေးဘူး...
အလယ်မှာ နေရာယူပြီး
အစွန်းရောက်မှုတွေကို ဆုပ်ကိုင်ထားတာလည်း သူပဲလေ...
သူ့ ကို ဖန်တီးနိုင်သူ မရှိသေးသလို
ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှင်က ဘယ်သူလဲ...?
ဝေးကွာခြင်းတွေကို ရင်ငွေ့ သွန်းပေးနိုင်သလို
ထွေးပွေ့ ထားတဲ့ နှလုံးသားတွေကို
ခံစားချက်ပျောက်အောင် အဆိပ်သောက်ခိုင်းတာလည်း သူပဲဗျ...
သူက အောင်မြင်မှုကို ညာလက်ရုံးခန့် ထားပြီး
ကျရှုံးသွားအောင် အမှောက်ထိုးလှဲဖို့  အားယူနေပြန်တယ်...
ကဲ ...သင့်အနား သူရောက်နေပြီ
အသင်ဘာလုပ်မလဲ ...???
သေချာ စဉ်းစား..
သေချာ တွေးထား...။

မောင်ငယ်

Wednesday, 30 July 2008

“ပြန်ဆုံမယ့် မနက်ဖြန်”


နွေရဲ့ နေက ခွဲခွာသူနှစ်ဦးရဲ့
ဝေ့ယမ်းနှုတ်ဆက်မယ့် အေးစက်စက်လက်ဖျားတွေကို
အရေပျော်စေလောက်အောင် ပူပြင်းနေလေရဲ့

စည်းချက်မဲ့ တစ်ဖျတ်ဖျတ်လှုပ်ခတ်
တုန်ရီရှိုက်ငိုဆဲ ချစ်သူနှုတ်ခမ်းပါး

ငွေရည်ဖွဲ့  မျက်ဝန်းတစ်စုံရဲ့
တိုးလျညင်သာ စကားသံတစ်ချို့ 

မူမမှန်တဲ့  ရင်ခုန်သံအားပျော့ ပျော့က
သက်ဆိုင်သူဆီသို့  ကြေးနန်းပို့ တယ်

သိပ်ကိုဆူညံနေတဲ့  ပတ်ဝန်းကျင်ရဲ့
ချစ်သူနှစ်ဦးကမ္ဘာမှာ အသက်ရှုသံတောင် ကျယ်လောင်လို့ 

နွမ်းခြေခံထားရတဲ့  လက်ကိုင်ပ၀ါစရဲ့
သိမ်ငယ်မှုမျိုးနဲ့  သူမထပ်တူကျတယ်

ကျန်ရစ်သူနဲ့  ချန်ရစ်သူ ရင်နာတာခြင်းအတူတူ
ဘယ်သူသာတယ် မပြောလိုဘူး ချစ်သူ

ရှေမှာဆူးပြွမ်းတဲ့ အချိန်ရဲ့ လမ်းတွေကို
အချစ်ရဲ့ စွမ်းအားနဲ့  ဖြတ်ကျော်မယ်လေ

တို့ နှလုံးသားတွေကို နှစ်ဦးသဘောတူ
အပြန်အလှန် သိမ်းပိုက်ထားခဲ့ ကြပြီးပြီပဲ

ဘာအတွက်ကြောင့် ဝေးရမှာလဲ
စိုးရိမ်နေရတာလည်း ကလေးရယ်

သေချာပါတယ် မနက်ဖြန်ဆို တို့ ဆုံတွေ့ ရတော့မှာပဲ
ပြန်ဆုံမယ့်နေ့ ရဲ့ မနေ့ ကဆိုတာ ဒီနေ့ ပဲလေ…။

မောင်ငယ်

PS =>ချစ်သူနှင့် ခွဲခွာခဲ့ရသော ချစ်နယ်သားကြီး ချစ်တတ်လွန်းသူကြီး သန့် ယဉ်ကိုအတွက် ခံစားရေးဖွဲ့ ပါသည်။ ဟီးဟီး :D

Sunday, 27 July 2008

“နွေရဲ့ ပန်းကဗျာ"


အတန်းရှေ့က ဖြတ်လျှောက်သွားတဲ့
အဖြူ အစိမ်းနဲ့  လေညှင်းလေး
ကျနော့် ရင်ထဲမှာ အပြာရောင်လှိုင်းတွေ
ခပ်ကြမ်းကြမ်း ကမ်းကပ်တယ်…။

ပြတင်းတံခါးဘေး တွေတွေလေးငေးပြီး
နွေဦးရဲ့  ကဗျာတွေ သူမ ဖတ်နေချိန်မှာ
ကျနော် အခန်းဘယ်ဘက် ထောင့်နားကနေ
ကဗျာတစ်ပုဒ် ဆွဲထုတ်တယ် (မှတ်မှတ်ရရ)…။

‘ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း’

ကဗျာတစ်ပုဒ်နဲ့  ပန်းတစ်ပွင့်ကို ရစ်သိုင်း
မတောင်းပဲ ပေးခြင်းဆိုတဲ့ ‘ကံ’ တစ်ပါး
သူမအပေါ် ကျနော် ကျူးလွန်တယ်
သိပ်များ ရိုင်းသွားလား မစဉ်းစားနိုင်ခဲ့ဘူး…။

အဲဒီနှစ်က ကျနော်ဖြေတဲ့ စာမေးပွဲ
အောင်ရှုံးစားရင်း မထွက်ဘူး
ဆွေးမြေ့ကဗျာတစ်ပုဒ်နဲ့  ပန်းခြောက်တစ်ပွင့်
ကြွေလွင့်သွားလေပြီလား……………………..။

မောင်ငယ်
PS. ‘ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း’ ကဗျာကို
သူမထံတွင် သွားရောက် ခံစားဖတ်ရှု နိုင်ပါကြောင်း……..။

" အတုံ့ "


ပစ်လွတ်လိုက်တဲ့
မောင်းချဓား တစ်လက်
ဦးတည်ရာ ပျက်ပြီး
အရှိန်နှစ်ဆနဲ့  ပြန်ပြေးဝင်လာတယ်...
ရင်အုံကို ဖြတ်ခွဲ ငါ့နှလုံးသားကို ခတ်ထုတ်မလို့ တဲ့...။

နင်းချထားခဲ့တဲ့
ခြေရာတွေ
ခြေရာကိုပဲ ပြန်ကောက်ပြီး
ငါ့နောက်ကို လိုက်လာတယ်
ငါ့ကို နင်းသတ်ကြမလို့ တဲ့ ...။

ပြောမိခဲ့ဘူးတဲ့
စကားတစ်ခွန်း
အသွင်ပြောင်းပြီးမှ ငါ့ဆီကို ပြန်လာပြီး
ကတ်ကတ်လန်အောင် ရန်တွေ့တယ်...
သောက်ရှက် မရှိတဲ့ကောင်တဲ့...။

အခု ကျနော်..................။

မောင်ငယ်

Saturday, 19 July 2008

" အတိတ်ရဲ့  ကဗျာ "


တိတ်တဆိတ်နေ နေတဲ့
အတိတ်ရဲ့  တစ်နေ့ က
အရိပ်တစ္ဆေတွေ ဒီနေ့ 
တစ်ကျော့ပြန် ရှင်သန်လာပြန်တယ်
အထိတ်တလန့်နဲ့  မောင်းထုတ်
တုပ်တုပ်တောင် မလှုပ်ကြဘူး
ကုတ်ကတ်ပြီး ဖက်တွယ်...။
ကိုယ့်ကိုကိုယ် ညာတာ မင်းမာယာလားတဲ့
မဖြေဘူး ...လုံးဝမဖြေဘူး.......
ငါ့ကဗျာမှာ မင်းမာယာတွေ ထည့်မသုံးနဲ့ 
ကဗျာ အဆိပ်သင့်မယ်
အေး...ဒါဆိုလည်း ဖြေမယ်
အတိတ်က ငါ့ရဲ့  ကဗျာ တစ်ပုဒ်ကို သတိရလို့ ...။

မောင်ငယ်

“နှစ်ယောက် တစ်အိပ်မက်”


နှလုံးသားချင်းထပ်ဖို့  ရင်ချင်းအပ်ပါ
အနမ်းတွေကို အလေအလွင့် မဖြစ်ပါစေနှင့်
ကြားလေသွေး မခံရအောင် အထူး သတိပြုပါ
ထိုနောက်.... အိမ်မက်နိဗ္ဗာန် သို့ ...။

မောင်ငယ်

“ကာရန်ပျောက်တဲ့ည”


နာရီပြန် တစ်ချက်ကျော်နေပြီ
အာခေါင်တွေ ခြောက်ကပ်
အတွေးတွေ ဥဒဟိုပြေးလွှား
လက်ဖျန်ထဲက တဆစ်ဆစ်နဲ့ 
အသွေးအသားတွေ ဗြောင်းဆန်
အံကြိတ်သံကတောင် ငါ့ကိုပြန်ခြောက်လှန့် 
လက်သီးဆုပ်ထဲ ချွေးစေးတွေရွဲ
နားထင်ကြောတွေတင်းမာနေလိုက်တာ ဆတ်ဆတ်ခါနေပါရောလား
အား…..ဒီခန္ဓာ ချုပ်ငြိမ်းလိုက်ပါတော့
သွေးစာနေတဲ့ နတ်ဆိုးတစ်ကောင်လိုပဲ
ခံစားချက် ကြိုးသီလို့ မရတဲ့ ညတစ်ည…။

မောင်ငယ်

3:54 AM,15.6.08

Monday, 14 July 2008

"သူမ…….."


သူမနဲ့ ...အိပ်မက်ဆန်ဆန်ပဲ တွေခဲ့တာပဲလေ...
သူမက...ခဏအတွင်းမှာပါပဲ ကျတော့်နှလုံးသားမှာ အကြားအလပ် မရှိ နေရာဝင်ယူတယ်...
သူမကြောင့်...ကျတော့် ရင်ခုန်သံတွေ ကြီုးတင်းတဲ့ ဂစ်တာ တစ်လက်လို တုန်ခါနှုန်းတွေမြန်လို့ ...
သူမရဲ့ ...ကာရံမညီတဲ့ ခပ်လွင်လွင် ရယ်သံတွေ ကျနော့်နားထဲ ဝေ့လည်ကြောင်ပတ် လုပ်နေကြဆဲပဲ...
သူမရဲ့ ...ပုံရိပ်တွေ ကျနော်အခန်းထဲ တစ်ဖွဲဖွဲ ကြွေကျလာပြန်တယ်...နွေဦး ကြွေတဲ့ရော်ရွက်ဝါတွေလိုပေါ့... သူမကို...သတိရလိုက်ပုံများ ရှိုက်သွင်းပြီးသား လေကို ထုတ်ဖိုမေ့တဲ့ အထိ...
သူမကို...ကျနော့် အိပ်မက်လိုင်စင် အပြီးအပိုင် အပ်နှင်းထားခဲ့တာ...
သူမပဲ...ကျနော်ပေးတဲ့ မ၀ံ့မရဲ အနမ်းတွေကို တစ်ဖက်ကိုလှည့် အဝေးကိုငေးပြီး လက်ခံတတ်တာလေ…
သူမနဲ့…ကျနော် ရန်ခုန်သံနဲ့ထွန်ယက် နားလည်မှုတွေပျိုးကြဲ မျှော်လင့်ခြင်းအနာဂတ် အဖူးအပွင့်တွေ စောင့်စား စောင့်စား…
သူမက…ပြောလာတယ် နေရာသစ်ကို ရွက်လွှင့်တော့မယ်တဲံ့…
သူမနဲ့…အတူရှိဖူးခဲံ့တဲ့ မများလှတဲ့ ရက်သတ္တပတ်တွေကို အလိုမကျစွာ မကုန်ဆုံးချင်ပဲ…
သူမနဲ့…ပက်သက်လို့ ကျနော့်အတွက် နေညိုချိန်တွေလွန်လို့ ညတစ်ခုဆိုက်ရောက်လာခဲ့ပြီ…
သူမနဲ့…အတူမလျှောက်ဖူးခဲ့တဲ့ မြေနီလမ်းလေးဘေးမှာ နှင်းပန်းလေးတွေတောင် ငှားငှားစွင့်စွင့် လန်းပွင့်နေကြပြီ…
သူမက… နေရာသစ်မှာ အိမ်မက်သစ်တွေနဲ့ …
သူမက…ကျနော့် နှောင်တွယ်မှုတွေကို ဖြတ်တောက်ဖို့ ဓားတစ်လက် မြှိနေအောင် သွေးတယ်…
သုမရဲ့…လက်ထဲကဓားတစ်လက် ဖျတ်ခနဲ လက်သွားတဲ့အချိန်ကို ကျနော် မသိလိုက်မသိဘာသာ…
သူမက…ဒီလိုနဲ့ပဲ အိပ်မက်ဆန်ဆန် လမ်းခွဲသွားခဲ့ပြန်တာပဲလေ…။

မောင်ငယ်

"အဘယ်သူတည်း"


ဘ၀ရေပြင် အသော့နှင်ဆဲ
ခရီးသည်ထဲ ပါဝင်စီးမြော
အတန်မောလာ သောအခါဝယ်
နှောင်တွယ်ရစ်ငင် ချစ်နွယ်ပင်နှယ်
အကြင်သူမ ငါ့ဘ၀ဟု
အမှတ်မှားဘူး ဤသူရုးကား
အကျွန်ုပ်တည်း...။

မောင်ငယ်

“မျှော်လင့်ခြင်း”


မျှော်လင့်ခြင်းတွေ ရှုပ်ပွလာလို့
ကိုယ်တိုင်ပဲ လှည်းကျင်းရှင်းထုတ်
အခန်းထောင့်က အမိုက်ပုံးထဲ
အသေအချာ..သိမ်းထုပ်ထားတာ
အသားကျ ငြိမ်သက်နေရောပေါ့ ။
နတ်ဆိုး တစ်ကောင်က
ခဏခဏ ဖောက်ထုတ် ဖြန့်ကျဲလို့
တစ်ခါတစ်ခါ ပြန်ပြန် မျှော်လင့်မိပြန်တယ်...။
အဖန်တစ်ရာမက...
အခါခါ မ၀င့်မရဲ ဖြစ်မိတာအပြစ်တဲ့လား...?
သီအိုရမ် တစ်ခု နဲ့ ဓာတ်ပြုလိုက်တာ
နှလုံးသွေးတွေ လောင်စာဆီ ဖြစ်သွား
အခုပဲ စနက်တံတပ် အချိန်တိုက်၊
အချိန်ကိုက်...နောက်တစ်ခေါက် ထပ်မျှော်လင့်မယ်
ပေါက်ကွဲစမ်း...အစအနပျောက်...။

မောင်ငယ်

"မှော်ရုံကိုလျှောက်"


အချစ်ကို မကိုးကွယ်ခဲ့ပေမယ့်
အရိုးမှာ လာပြီး အမြစ်တွယ်တာ
သိလိုက်တဲ့ တစ်နေ့ 
ငါအားလုံး အတိတ်မေ့ သွားတယ်...
လမိုက်တဲ့ည ကြယ်ရောင်က
ကျိုကြား ကျိုကြားတောင် ပြုတ်ကျမလာဘူး
မှော်ရုံတောကို လျှောက်(ရူးသွပ်စွာ)
ငါ လမ်း ပိုပိုပျောက်နေပါလား...
အသိတစ်ချက်ဝင် နောက်ပြန်လှည့်အပြေး
အထွေးလိုက် အလုံးလိုက် မာယာနွယ်ရှင်တွေ
သေပြေးရှင်ပြေး လွတ်ရုံပဲရှိသေးတယ်
ရမ္မက်နွံအိုင်ထဲ အပိုင်ဆွဲချ
ဘ၀တစ်ခုလုံး စုံးစုံးမြုပ်သွား အား.........!
လောကကြီးကို နှုတ်တောင်မဆက်လိုက်ရပါလား...။

မောင်ငယ်

Tuesday, 8 July 2008

“မျက်လှည့်”


ကောင်းကင်နဲ့  မြေပြင်
ဟော…ဟို ခပ်လှမ်းလှမ်းမှာ
ဆုံဆည်းခွင့် ရသွားတယ်
အဲဒီ ယုံကြည်မှုနဲ့  ခပ်လှမ်းလှမ်းဆီကို
အားတင်းလို့  လျှောက်လှမ်း
ခပ်လှမ်းလှမ်းရဲ့  နောက် ခပ်လှမ်းလှမ်းမှာ
တစ်ခါ……………………………။

မောင်ငယ်

“အခန်း”


ဘေးနံထက်အောက် ကျဉ်းကျပ်လာ
ငါ့ဝိဥာဉ်တောင် ခြေဆန့် လက်ဆန့်  မရှိတော့ဘူး…
အမြင်အာရုံ ဘောင်ကျဉ်း

လင်းလင်းချင်းချင်း မရှိဘူး…
လိုအပ်သလောက် ရှူသွင်းဖို့ 

အိမ်မက်နဲ့ လက်တွေ့  အ၀င်အထွက် မမျှဘူး…
အတ္တကောင်က မာနကိုထမ်းပိုး တက်တက်ဖိစီးတာ

ဒီကိုယ်မှာ ဒီထက် ပိုကျုံ့ စရာမရှိတော့ဘူး…
အားအင်ဆုတ်ယုတ် ချိနဲ့ ခွေယိုင်

ငါ့ကိုယ်ငါတောင် မမတ်နိုင်တော့ဘူး…
နောက်ဆုံး ငါ့ခန္ဓာက ငါ့ဝိဥာဉ်ကို
ဝမ်းမြောက်စွာ ကိုယ်လွှတ်ရုန်းထွက်ခွင့် ပြုခဲ့တယ်…။

မောင်ငယ်

“ရုန်းထွက်ခြင်း”


အတိတ်က အလွမ်း ခပ်ရင့်ရင့်
အဆိပ်သင့် ငါ့လက်နဲ့  တူးဖော်
သိပ် လတ်ဆတ်နေသေးတယ်
မတရားဘူး လုံးဝမတရားဘူး
ဒါ မြေမြုပ် သဂြို င်္လ်ခြင်း အတုပဲ…။

သက္ကရာဇ်တွေ ထုဆစ်လာတာ

ရုပ်ကြွင်း တစ်ခုဖြစ်သင့်ပြီ
မျှော်လင့်ခြင်နဲ့  ဆေးစိမ်
တမ်းတမှုတွေ ဘာလို့ ရစ်ပတ်ခဲ့ မိတာလဲ
ငါ့ကိုယ်ငါ မသင်္ကာဘူး…။

တကယ်ဆို အဲဒီနေ့ က ငါကို

တစ်ခါတည်း သဂြို င်္လ်ခဲ့သင့်တာပေါ့
မျှော်လင့်ခြင်းတွေ ရိက္ခာဖြတ်
ပြန်တမ်းတတတ်တဲ့ကောင်ကို လက်မှတ်မရောင်းတော့ဘူး
ဒီနေ့  ဖိနပ်အသစ်နဲ့  လမ်းလျှောက်ထွက်မယ်…။

မောင်ငယ်

Monday, 7 July 2008

“မင်းလိုရင်”


မင်းလိုရင်
ကြယ်ပန်းတစ်ခင်း
နေ့ခင်းမှာ ငါပျိုးပေးမယ်…။
မင်းလိုရင်
နေမ၀င်အင်ပါယာ
ငါ့ကမ္ဘာ ဖြစ်စေရမယ်….။
မင်းလိုရင်
ရိုမီယို ဂျူးလိယက် ဒန္တာရီပြဇာတ်
သမိုင်းမှာ ပျောက်ပျက်အောင်
ငါဖျောက်ဖျက်ပေးမယ်…။
မင်းလိုရင်
ရောင်စဉ်ဖြာ မနက်ခင်းလေး
အရုဏ်ဦး အိပ်မက်ပြူတင်းမှာ
ငါချိတ်ဆွဲထားနှင့်မယ်…။

မောင်ငယ်

“မှာတမ်း”


ဒီမှာ သူငယ်ချင်း
မင်းလျှောက်မယ့်လမ်း ဖြောင့်ဖြောင့်လှမ်း
အခြေမခိုင်တဲ့စကားနဲ့ ယောင်တောင်တောင်ကောင်တွေကို
အဆိပ်လိုက်ခပ် မနေနဲ့ …။
ဒီမှာ သူငယ်ချင်း
လေဖမ်းပြီး ဒန်းစီးလို့  ရချင်ရမယ်
သဘာဝ အန္တရာယ် ရှောင်လွှဲဖို့  မလွယ်ဘူး
မင်းညှာတာတတ်သလို ငါလဲစာနာတတ်ပါတယ်…။
ဒီမှာ သူငယ်ချင်း
မင်းရင်ထဲ မင်းခေါင်းပြန်ဝင်ပြီး ကြည့်လိုက်
မုသာဝါဒတွေ ကျန်နေသေးရင်
မီးသဂြိုင်္လ် ပြစ်လိုက်အုံး…။
ဒီမှာ သူငယ်ချင်း
သူများယောင်လို့  လိုက်ယောင်
မင်းတောင်မှန်းမြောက်မှန်း သိပြီလား
ပြည့်ဝပြီးသားလူက ထပ်မပျော်ဝင်ဘူး
တစ်ချက်လောက် ပြန်ဆန်းစစ်ကြည့်…။
ဒီမှာ သူငယ်ချင်း
မင်းမျက်နှာမင်း မှန်ထဲကြည့် မေးလိုက်
မင်းနိုင်ငံ အထိမဟုတ်ဘူး
မင်းအသိုင်းအ၀ိုင်းအတွက်တောင် ဘာလုပ်ပေးပြီးပြီလဲ
မင်းသိပ်တတ်ကြွနေတယ်မို့ လား…။
ဒီမှာ သူငယ်ချင်း
မင်းထခုန်လည်း ကမ္ဘာမတုန်ဘူး
သိပ်ပြီးအသံကောင်း ဟစ်မနေနဲ့  အားကုန်တယ်
ဖုန်တော့ထမှာပါ…။
ဒီမှာ သူငယ်ချင်း
မတိုက်ခိုက်နဲ့  အဲဒါ သိပ်မမိုက်ဘူး
သွေးဆူလာရင် ဘေးလူတွေပါ ပါလာလိမ့်မယ်
အနေသာကြီးပါကွာ…။

မောင်ငယ်

"ယမကာ လုလင် "


ညနေက အင်တာနက်မှာ
ကဗျာတစ်ပုလင်း ၀ယ်ပြီး ပြန်လာတယ်
အခန်းကိုရောက် ပုလင်းကိုဖောက်
စက္ခုဖန်ခွက်ထဲ ထည့်
တစ်ခွက်ပြီး တစ်ခွက
ဟိုက်...တယ်လဲ ရသာစုံပါလား
ဆီဗုံးက အမြည်းတွေကလည်း
ချိုချဉ်ငန်စပ် ဖန်တစ်ချက်နဲ့ 
ဟား...ခံတွင်းတွေ့ တယ်ဗျို့ 
တရိပ်ရိပ်နဲ့  တက်လာလိုက်တာ
အေ့...!!! သောက်ရမ်းလည်းနိပ်ပါလား
ပုလင်းကိုပိတ် အိပ်မှပဲဟ
အန်...အိပ်လို့ မရပါလား
များသွားပြီထင်တယ်
ကလောင်တံနဲ့ ထိုး အန်ထုတ် (ကဗျာတစ်ပုဒ်)
ဟူး...ခုမှပဲ နေသာထိုင်သာရှိတော့တယ်
ခေါ.....ခေါ.....ခေါ.....။

မောင်ငယ်
မှတ်ချက်။ ကဗျာနှင့် အရက်ကို ခိုင်းနှိုင်းမှုအားခွင့်လွှတ်ပါရန်...။